မင်းအောင်လှိုင် ‘သမ္မတ’ ဖြစ်လာခြင်းက မည်သည့်အပြောင်းအလဲမှ ရှိနိုင်မည်မဟုတ်ဘဲ ရာဇဝတ်ကောင် အဖြစ်သာ တရားရင်ဆိုင်ရမည်ဟု Fortify Rights အကြီးတန်း ဒါရိုက်တာ သတိပေး

မင်းအောင်လှိုင် ‘သမ္မတ’ ဖြစ်လာခြင်းက မည်သည့်အပြောင်းအလဲမှ ရှိနိုင်မည်မဟုတ်ဘဲ ရာဇဝတ်ကောင် အဖြစ်သာ တရားရင်ဆိုင်ရမည်ဟု Fortify Rights အကြီးတန်း ဒါရိုက်တာ သတိပေး
ရန်ကုန်၊ ဧပြီ ၁၂
အကြမ်းဖက် မင်းအောင်လှိုင်အနေဖြင့် ‘သမ္မတ’ အဖြစ် ကူးပြောင်းမှုက မည်သည့်အပြောင်း အလဲမှ ဖြစ်ပေါ်လာမည်ရှိနိုင်မည်မဟုတ်ဘဲ ရာဇဝတ်ကောင် အဖြစ်သာ တရားရင်ဆိုင်ရမည်ဟု Fortify Rights အကြီးတန်းဒါရိုက်တာ Benedict Rogers က ဆောင်းပါးရေးသား ထုတ်ဖော်ပြောဆို သတိပေးလိုက်သည်။
ဧပြီလ ၁၀ ရက်နေ့ UCA News တွင် ၎င်းက အထက်ပါအတိုင်း​ရေးသားပြီး မင်းအောင် လှိုင် အနေဖြင့် ၎င်းကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် နိုင်ငံတကာတရားရုံးတွင် ရင် ဆိုင်ရမည့်နေ့ ရောက်ရှိလာမည်သာ ဖြစ်ကြောင်း သတိပေးသည်။
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတ ရာထူး ရယူပြီးနောက် စစ်တပ် ဦးစီးချုပ် ရာထူးမှ နုတ်ထွက်ခဲ့ကာ သူ၏ လူယုံထောက်လှမ်းရေးအရာရှိဟောင်း ရဲဝင်းဦးထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ယခုအပတ်အတွင်းတွင်လည်း မင်းအောင်လှိုင်က သူ၏ အစိုးရအဖွဲ့သစ်အတွက် ဝန်ကြီးများကို ခန့်အပ်မှုများ ပြုလုပ်ခဲ့သည်။
သို့သော် တကယ့်အမှန်တရားမှာ အစိုးရသစ်တွင် ဘာမှအသစ်အဆန်း မရှိခြင်းပင် ဖြစ် သည်။ မင်းအောင်လှိုင်သည် စစ်ယူနီဖောင်းချွတ်၍ အရပ်ဝတ်လဲလိုက်သော စစ်ဗိုလ်ဟောင်းအချို့ဖြင့် လူပြန်ပြောင်းထားသည့် ပြကွက်တစ်ခုသာ ဖြစ်သည်။
မင်းအောင်လှိုင်၏ အမည်ခံ အစိုးရသစ်သည် ယခုနှစ်အစောပိုင်းက ပြုလုပ်ခဲ့သော အတု အယောင် ရွေးကောက်ပွဲမှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး နိုင်ငံရေးပါတီပေါင်း ၄၀ ကျော်ကို ပိတ်ပင်ထားကာ ဒီမိုကရေစီလိုလားသူ နိုင်ငံရေးသမား အားလုံးနီးပါးကိုလည်း ထောင်သွင်း အကျဉ်းချထားခြင်း သို့မဟုတ် ပြည်ပသို့ တိမ်းရှောင်စေခြင်းဖြင့် ဖယ်ရှားထားခဲ့သည်။
မဲစာရင်းကောက်ယူမှုများသည်လည်း စစ်တပ်က တိုက်ရိုက်ထိန်းချုပ်နိုင်သည့် မြို့နယ်အနည်းငယ်တွင်သာ ပြုလုပ်နိုင်ခဲ့ပြီး ရိုဟင်ဂျာလူမျိုးစု တစ်ခုလုံးကိုလည်း မဲပေးခွင့်မှ လုံးဝဖယ်ထုတ်ထားခဲ့သည်။
စစ်တပ်၏ နည်းဗျူဟာမှာ အတိုက်အခံများကို ပိတ်ပင်ခြင်း၊ ပြည်သူကို ဗုံးကြဲခြင်းနှင့် မဲစာရင်းကို လိမ်လည်ခြင်းတို့ဖြင့် လူထုကို ကြောက်လန့်စေကာ မဲပေးစေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းသည် အတုအယောင် ရွေးကောက်ပွဲမှ တက်လာသည့် အတုအယောင် သမ္မတနှင့် အတုအယောင် အစိုးရသာ ဖြစ်သည်။
မင်းအောင်လှိုင်သည် သမ္မတအတု ဖြစ်ရုံသာမက စစ်ရာဇဝတ်ကောင်နှင့် မျိုးတုံးသတ် ဖြတ်သူလည်း ဖြစ်သည်။ သူ သမ္မတအဖြစ် အမည်စာရင်း တင်သွင်းခံရပြီး ၃ ရက်အကြာတွင် အင်ဒိုနီးရှားနိုင်ငံ၌ ၎င်းကို မျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရသည်။ အဆိုပါ ဖြစ်စဉ်မှာ အင်ဒိုနီးရှားနိုင်ငံ၏ ဥပဒေသစ်အရ နိုင်ငံတကာ ရာဇဝတ်မှုများကို စွဲဆိုခွင့်ပြုသည့် ပထမဆုံးသော ဖြစ်စဉ်တစ်ခုလည်း ဖြစ်သည်။
ရိုဟင်ဂျာအမျိုးသမီးများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး Yasmin Ullah က “ကျွန်မတို့ကို မျိုးတုံးသတ်ဖြတ်ရန် စီစဉ်သူအား သမ္မတနန်းတော်ထဲတွင် အေးအေး ဆေးဆေး ထိုင်နေခွင့် မပြုသင့်ပါ” ဟု ပြောကြားသည်။
ထို့အပြင် ၂၀၂၅ ခုနှစ်က အာဂျင်တီးနားနိုင်ငံတွင်လည်း ၎င်းအား ဖမ်းဝရမ်းထုတ်ထားပြီး တီမောလက်စ်တေနိုင်ငံတွင်လည်း ချင်းပြည်နယ်အတွင်း ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တရားစွဲဆိုရန် လက်ခံထားရှိသည်။
နိုင်ငံတကာအဆင့်တွင်လည်း ICJ နှင့် ICC တရားရုံးများက ၎င်းအား အရေးယူရန် ကြိုး ပမ်းနေသဖြင့် မင်းအောင်လှိုင်သည် ဖမ်းဝရမ်းထုတ်ခံထားရသည့် ရာဇဝတ်ကောင်တစ်ဦး ဖြစ်သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှစ၍ ၎င်း၏ အုပ်ချုပ်မှုအောက်တွင် အပြစ်မဲ့ပြည်သူ ၇,၀၀၀ ကျော် သေဆုံးခဲ့ရပြီး နိုင်ငံရေးအကျဉ်းသား ၂၂,၀၀၀ ကျော် ဖမ်းဆီးခံထားရသည်။
နေ့စဉ်ပြုလုပ်နေသော လေကြောင်းတိုက်ခိုက်မှုများကြောင့် လူပေါင်း ၄ သန်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသလို လူဦးရေ၏ သုံးပုံတစ်ပုံခန့်မှာ ငတ်မွတ်ခေါင်းပါးမှုနှင့် လူသားချင်းစာ နာထောက်ထားမှုဆိုင်ရာ အကူအညီများကို အပူတပြင်း လိုအပ်နေသည်။
ကုလသမဂ္ဂ၏ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း တွမ်အန်ဒရူး (Tom Andrews) ကလည်း မင်းအောင်လှိုင်၏ လက်အောက်တွင် ပြည်သူများသည် ခေါင်းဖြတ် သတ်ခံရခြင်းနှင့် အရှင်လတ်လတ် မီးရှို့သတ်ခံရခြင်းများအထိ ကြုံတွေ့နေရကြောင်း ဆိုသည်။
စစ်တပ်သည် ဂျက်ဖိုက်တာများ၊ ဒရုန်းများသာမက ပါရာမော်တာများကိုပါ အသုံးပြု၍ ဘုရားကျောင်းများ၊ ဆေးခန်းများနှင့် ပွဲလမ်းသဘင်များကိုပါ ပစ်မှတ်ထား တိုက်ခိုက်လာခဲ့သည်။
မင်းအောင်လှိုင်က ‘သမ္မတ’ ရာထူးကို ရယူလိုက်ခြင်းသည် ဘာမှပြောင်းလဲသွားခြင်း မရှိဘဲ ၎င်း၏ တရားမဝင် အာဏာသိမ်းမှုကို ခိုင်မာအောင် လုပ်ဆောင်ခြင်းသာ ဖြစ်သည်။
မြန်မာနိုင်ငံကို ၅ နှစ်တိုင်တိုင် ညှဉ်းပန်းနှိပ်စက်ခဲ့သူက ဧပြီလ ၁ ရက်နေ့ သောကြာနေ့ Good Friday နေ့တွင် သမ္မတဖြစ်လာခြင်းမှာ တိုက်ဆိုင်မှုတစ်ခု ဖြစ်နိုင်သော်လည်း မြန်မာနိုင်ငံသည် တစ်နေ့တွင် ပြန်လည်ရှင်သန်လာမည်ဖြစ်ပြီး မင်းအောင်လှိုင်သည်လည်း ၎င်းကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တရားရုံးတွင် ရင်ဆိုင်ရမည့်နေ့ ရောက်ရှိလာမည်သာ ဖြစ်သည်။
(ဘီနီဒစ် ရော်ဂျာစ် (Benedict Rogers) သည် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူနှင့် စာရေးဆရာတစ်ဦးဖြစ်ပြီး Fortify Rights အဖွဲ့၏ အကြီးတန်းညွှန်ကြားရေးမှူးလည်း ဖြစ်သည်။)
ဓာတ်ပုံ- AP ။