တရုတ်သမ္မတ ရှီကျင့်ဖိန်၏ အထူးသံတမန်နှင့် တွေ့ဆုံမှုအတွင်း မင်းအောင်လှိုင်က မြန်မာရှိ တရုတ်အကျိုးစီးပွားများအတွက် အစွမ်းကုန် ကာကွယ်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့

တရုတ်သမ္မတ ရှီကျင့်ဖိန်၏ အထူးသံတမန်နှင့် တွေ့ဆုံမှုအတွင်း မင်းအောင်လှိုင်က မြန်မာရှိ တရုတ်အကျိုးစီးပွားများအတွက် အစွမ်းကုန် ကာကွယ်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့
ဧပြီလ ၁၁၊ ၂၀၂၆
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မိမိကိုယ်ကိုယ်မိမိ သမ္မတအဖြစ် ရာထူးတိုးမြှင့်အပြီး ကျင်းပခဲ့တဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ အထူးသံတမန်၊ ကျန်းရှင့်ကျစ် တက်ရောက်ခဲ့ပြီး၊ ထိုနေ့မှာပင် မင်းအောင်လှိုင်နဲ့ သီးသန့်တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
တရုတ်ဆင်ဟွာသတင်းအဆိုအရ အဆိုပါတွေ့ဆုံမှုအတွင်း ရှီကျင့်ဖျင်ရဲ့ အထူးသံတမန်လည်းဖြစ်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်သူ ကျန်းရှင့်ကျစ်ကျန်းရှင့်ကျစ်က “တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်ရေး၊ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားများနှင့်၊ စီမံကိန်းများ လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရေး နဲ့ ရပ်ဝန်းနှင့်ပိုးလမ်းမတည်ဆောက်ရေး တွေအတွက် မင်းအောင်လှိုင်ကို တိုက်တွန်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အပြန်အလှန်အားဖြင့် မင်းအောင်လှိုင်ကလည်း တရုတ်နိုင်ငံနဲ့ ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုတွေကို နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်းနဲ့ မြန်မာနိုင်ငံတွင်းရှိ တရုတ်အကျိုးစီးပွားများအတွက် အစွမ်းကုန်ကာကွယ်ဆောင်ရွက်သွားမယ်လို့ ပြန်လည်ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းက ဆိုပါတယ်။
လက်ရှိမှာလည်း မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုဟာ မြန်မာနိုင်ငံထဲက မြစ်ဆုံစီမံကိန်း အပါအဝင် တရုတ်စီမံကိန်းတွေကို ပြန်လည်အရှိန်မြှင်တင်ဖို့ ပြင်ဆင်ဆောင်ရွက်နေပြီး၊ အဆိုပါ တရုတ်စီမံကိန်းတွေကို ကန့်ကွက်ဆန္ဒပြပါက အရေးယူမည်လို့လည်း ခြိမ်းခြောက်ထားပါတယ်။
ဧပြီလ ၁၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲဟာ စစ်အာဏာရှင်ကနေ အရပ်ဝတ်အင်္ကျီ ပြောင်းလဲဝတ်ရုံမျှဖြစ်ကြောင်း ဆိုတာကို ဖော်ညွှန်းနေပြီး၊ တရုတ်သမ္မတ ရှီကျင့်ဖိန်ရဲ့ အထူးသံတမန် တက်ရောက်မှုဟာလည်း တရုတ်အနေနဲ့ ၎င်းတို့ရဲ့ စီးပွားရေးအကျိုးအမြတ်တွေအတွက် မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ဆက်လက်မျက်ကွယ်ပြုဖို့ အသင့်ရှိနေကြောင်း ဖော်ညွှန်းနေတာပဲ ဖြစ်ပါတယ်။
ဆွေးနွေးမှုအတွင်း တရုတ်သမ္မတ ရှီကျင့်ဖိန်ရဲ့ အထူးသံတမန်က “တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး” ဟုပြောကြားခဲ့ရာ၊ ယင်း အေးအတူ ပူအမျှ ဆိုတဲ့စကားရပ်ဟာ တရုတ်-မြန်မာ နှစ်နိုင်ငံရှိ ပြည်သူလူထုဆက်ဆံရေးကို ဆိုလိုခြင်းထက်၊ အာဏာရှင်အချင်းချင်း အပေးအယူ မျှရာမျှကြောင်းကိုသာ ရည်ညွှန်းနေသလို၊ မင်းအောင်လှိုင်ရဲ့ “တရုတ်စီမံကိန်းများကို အစွမ်းကုန်ကာကွယ်မည်” ဆိုသော ကတိစကားဟာလည်း စစ်အုပ်စုအနေနဲ့ ၎င်းတို့ရဲ့အာဏာ သက်ဆိုးရှည်ဖို့အတွက် မြန်မာလူထုအပေါ် ရာဇဝတ်မှူများ ကျူးလွန်ကာ တရုတ်ရဲ့ အကျိုးစီးပွား စီမံကိန်း‌တွေကို ကာကွယ်ဖို့ အသင့်ဖြစ်ကြောင်း ရည်ညွှန်းနေတာပဲဖြစ်ပါတယ်။