အကြမ်းဖက် အာဏာလု သမ္မတ အဖြစ် ကျမ်းကျိန်ပြီးနောက် မင်းအောင်လှိုင်က ၂၀၂၀ ရွေးကောက်ပွဲမှာ NLD မဲမသမာမှု လုပ်ခဲ့ဟု ထပ်မံပြောဆိုပြီး ပြည်သူ့ဆန္ဒကြောင့် သမ္မတတာဝန်ထမ်းဆောင်ရခြင်းဟုဆို
ရန်ကုန်၊ ဧပြီ ၁၀
အကြမ်းဖက် အာဏာလု သမ္မတ အဖြစ် ကျမ်းကျိန်ပြီးနောက် မင်းအောင်လှိုင်က ၂၀၂၀ ရွေးကောက်ပွဲမှာ NLD မဲခိုး၊ မဲမသမာမှု လုပ်ခဲ့ကြောင်း ထပ်ပြောပြန်သည်။
ယနေ့ ဧပြီ ၁၀ ရက်နေ့ အကြမ်းဖက် လွှတ်တော်တွင် အာဏလု မင်းအောင်လှိုင်က ဇွတ်သမ္မတအဖြစ် ရာထူးရယူ ကျမ်းကျိန်ပြီးနောက် လွှတ်တော်သို့ စကားပြောရာတွင် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD မဲခိုး၊မဲမသမာမှု လုပ်ခဲ့၍ စစ်တပ်က နိုင်ငံတော်ကို ထိန်းသိမ်းခဲ့ကြောင်း ပြောပြန်သည်။
“၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲမှာအဲဒီအချိန်က အာဏာရပါတီဟာ အလွန် ရုပ်ဆိုးအကျဉ်းတန်နဲ့ မဲမသမာမှုတွေကို ပြုလုပ်ခဲ့တာကြောင့် ဒီမိုကရေစီရဲ့အနှစ် သာရ တရားမျတပြီး စစ်မှန်တဲ့ ရွေးကောက်ပွဲ တစ်ခုမဖြစ်ခဲ့ဘဲ ပါတီစုံ ဒီမိုကရေစီစနစ်ကို ပျက်ယွင်းစေတဲ့ မရိုးသားတဲ့ နိုင်ငံရေးတစ်ရပ်ကို လုပ်ဆောင်ခဲ့ပါတယ်” ဟု အကြမ်းဖက် မင်းအောင်လှိုင်က အကြမ်းဖက် သမ္မတအဖြစ် ကျမ်းကျိန်ပြီးနောက် ထုတ်ဖော်ပြောဆိုသည်။
မင်းအောင်လှိုင်က ယနေ့ သမ္မတအဖြစ် တာဝန်ထမ်းဆောင်မှုမှာ ပြည်သူ့ဆန္ဒကို လေးစား ၍ တာဝန်ထမ်းဆောင်ခြင်းဖြစ်သည်ဟု အရှက်မရှိစွာဖြင့် ထုတ်ဖောပြောဆိုပြန်သည်။
“ပြည်သူအားလုံးကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုလွှတ်တော်က ကျနော့်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့တဲ့အတွက် ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားစွာနဲ့ နိုင်ငံ့တာဝန်ကို ဂုဏ်ယူဝမ်းမြောက်စွာနဲ့ ကျေပွန်စွာ ထမ်းဆောင်သွားမှာဖြစ် ကြောင်း ဦးစွာ ပြောကြားလိုပါတယ်” ဟု အကြမ်းဖက် မင်းအောင်လှိုင်က ဆိုသည်။
အကြမ်းဖက်မင်းအောင်လှိုင်၏ အာဏာလု သမ္မတအဖြစ် ပထမဆုံးပြောဆိုသော စကားမှာလည်း စစ်အာဏာသိမ်းကာလ ၅ နှစ်လုံး ပြောဆိုခဲ့သော ထပ်တလဲလဲ အကြောင်းအရာများကိုသာ ထပ်မံ ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။