ရခိုင်ပြည်သူများ သင်္ကြန်ကာလအတွင်း မဏ္ဍပ်ဆောက်ခြင်းနှင့် လူစုလူဝေးဖြင့်ရေကစားခြင်းများ မပြုလုပ်ကြရန် အာရက္ခတပ်တော် ညွန်ကြား

ရခိုင်ပြည်သူများ သင်္ကြန်ကာလအတွင်း မဏ္ဍပ်ဆောက်ခြင်းနှင့် လူစုလူဝေးဖြင့်ရေကစားခြင်းများ မပြုလုပ်ကြရန် အာရက္ခတပ်တော် ညွန်ကြား
ဧပြီ ၉၊ ၂၀၂၆
ရခိုင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေနဲ့ လုံခြုံရေးစိုးရိမ်မှုတွေကြောင့် သင်္ကြန်ကာလမှာ လူစုလူဝေးနဲ့ ရေကစားတာ၊ မဏ္ဍပ်ထိုးတာတွေ မပြုလုပ်ကြဖို့ အာရက္ခတပ်တော် AA ရဲ့ ပြန်ကြားရေးဌာနက ဧပြီလ ၈ ရက်မှာ ညွန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ သင်္ကြန်ကာလနဲ့ပတ်သက်တဲ့ ညွန်ကြားချက် ၆ ချက်ပါဝင်ပြီး ပြည်သူတွေကို လေကြောင်းအန္တရာယ်ကနေ အကာအကွယ်ပေးဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဆိုထားပါတယ်။
ရခိုင်ပြည်သူတွေအနေနဲ့ ကားတွေနဲ့ လူစုလူဝေးလိုက်ပါပြီး မြို့ထဲလှည့်လည် ရေကစားတာ၊ တစ်မြို့နဲ့တစ်မြို့၊ တစ်ရွာနဲ့တစ်ရွာ ကားတွေနဲ့ ကခုန်သွားလာတာနဲ့ လူစုလူဝေးဖြစ်စေမယ့် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်တာတွေ မလုပ်ကြဖို့ တားမြစ်ထားပါတယ်။
ဒါ့အပြင် ဖျော်ဖြေပွဲ (Show ပွဲ)တွေ ကျင်းပပြုလုပ်တာ၊ ဘုန်းကြီးကျောင်းတွေမှာ အလှူအတန်းကို လူစုလူဝေးနဲ့ပြုလုပ်တာနဲ့ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေမယ့် ဆောင်းဘောက်တွေ ဆူညံစွာဖွင့်တာကိုလည်း မပြုလုပ်ကြဖို့ တားမြစ်ထားပါတယ်။
စစ်အုပ်စုဟာ အခါကြီးရက်ကြီးတွေမှာ လူစုလူဝေးရှိရာနေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နိုင်တာကြောင့် အခုလို ကန့်သတ်ချက်တွေ ထုတ်ပြန်ရတာဖြစ်တယ်လို့ အာရက္ခတပ်တော်ဘက်ကဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ထိပ်ပိုင်းခေါင်းဆောင်မှု အပြောင်းအလဲတွေနောက်ပိုင်း စစ်တပ်ထောက်ခံသူတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရခိုင်ဒေသအပေါ် ပိုမိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ ခြိမ်းခြောက်တာတွေ ရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိထားကြဖို့လည်း သတိပေးထားပါတယ်။
လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ အာရက္ခတပ်တော် AAတို့ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး စစ်အုပ်စုဘက်ကတော့ အရပ်သားတွေကို ဦးတည်ပြီး လေကြောင်းကဗုံးကြဲတာနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်ဆောင်နေပါတယ်။
ပုံစာ – ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကျင်းပနေစဉ် (ပုံဟောင်း)
ဓာတ်ပုံ – Reuters