မိန်းမဖြစ်သူ သင်းသင်းအောင်၏ မလျှော်ဩဇာသုံး၍ ဝန်ကြီးဌာန တင်ဒါရယူမှု၊ စစ်တပ်ပိုင်မြေကွက်များနှင့် အခြားမြေကွက်များကို ရောင်းစားမှုတို့ကြောင့် အကြမ်းဖက် ဇော်မင်းထွန်းကို ဗိုလ်ချုပ်ရာထူးနှင့် ပြန်ကြားရေးဒုဝန်ကြီးတာဝန်များမှ ထုတ်ပယ်အနားပေး

မိန်းမဖြစ်သူ သင်းသင်းအောင်၏ မလျှော်ဩဇာသုံး၍ ဝန်ကြီးဌာန တင်ဒါရယူမှု၊ စစ်တပ်ပိုင်မြေကွက်များနှင့် အခြားမြေကွက်များကို ရောင်းစားမှုတို့ကြောင့် အကြမ်းဖက် ဇော်မင်းထွန်းကို ဗိုလ်ချုပ်ရာထူးနှင့် ပြန်ကြားရေးဒုဝန်ကြီးတာဝန်များမှ ထုတ်ပယ်အနားပေး
ရန်ကုန်၊ ဧပြီ ၇
စစ်အာဏာသိမ်းမှုနှင့် မင်းအောင်လှိုင်ကို ကာကွယ်ပြောဆိုလေ့ရှိသော အကြမ်းဖက် ဗိုလ်ချုပ်ဇော်မင်းထွန်းကို စစ်ဘက်နှင့်အရပ်ဘက်ရာထူးတာဝန်များမှ ထုတ်ပယ် အနားပေးလိုက်ခြင်းမှာ ဇော်မင်းထွန်း၏ မိန်းမ သင်းသင်းအောင်က မလျှော်ဩဇာသုံး၍ ဝန်ကြီးဌာန လုပ်ငန်းတင်ဒါ ရယူမှု၊ စစ်တပ်ပိုင်မြေကွက်များကို ရောင်းစားမှုတို့ကြောင့် ဖြစ်ကြောင်း စီးပွားရေးအသိုင်းအ၀ိုင်းထံမှ စုံစမ်းသိရှိရသည်။
အကြမ်းဖက် ဇော်မင်းထွန်း၏ မိန်းမ သင်းသင်းအောင်က စီးပွားရေးသမားတချို့နှင့်ပူးပေါင်း၍ ဝန်ကြီးဌာနတင်ဒါများ ရယူခြင်း၊ စစ်တပ်လက်အောက်ခံ ပြည်သူ့ဆက် ဆံရေးနှင့် စိတ်ဓာတ်စစ် ဆင်ရေးတပ်ဖွဲ့ ပိုင်မြေကွက်များကို မြေစာရင်းဌာနနှင့်ပူးပေါင်း၍ စာရွက်စာတမ်းများ ထုတ်ယူကာ ရောင်း စားမှုများလုပ်ဆောင်ခဲ့ကြောင်း၊ အဆိုပါ လုပ်ဆောင်မှုများကို တိုင်ကြားသဖြင့် စိစစ်အရေးယူရာမှ ဇော်မင်းထွန်းကို စစ်ဘက်ဗိုလ်ချုပ်ရာထူး၊ အရပ်ဘက် ပြန်ကြားရေးဒုဝန်ကြီး ရာထူးများမှ ထုတ်ပယ်အနားပေးလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဗိုလ်ချုပ်ဇော်မင်းထွန်းအဓိက ပြုတ်သွားတာက သူ့အမျိုးသမီး(သင်းသင်းအောင်)နဲ့အလုပ်လုပ်နေတဲ့ စီးပွားရေးသမားသမားပေါ့ သူ့လူပဲပြောပါတော့။ သူက ဝန်ကြီးဌာန တင်ဒါတစ်ခုကို တင်ဒါပြိုင်ဆွဲရင်းရသွားတယ်။ တစ်ဖက်က တင်ဒါ မရလိုက်တဲ့ သူတွေက တပ်ချုပ်ကြီးသား အောင်ပြည့်စုံတို့အဖွဲ့။ ဝန်ကြီးဌာန တင်ဒါ ၁၃ ခုမှာ ၁၂ ခုကို အောင်ပြည့်စုံတို့အဖွဲ့ကရတယ်။ ကျန်တဲ့ ၁ ခုကို ဗိုလ်ချုပ်ဇော်မင်းထွန်းလူရသွားတယ်။ အဲဒီမှာ ဘယ်လိုရသွားလဲ ဘယ်သူရလဲ တစ်ဖက်က လိုက်ပြီး စုံစမ်းတာမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းလူဖြစ်နေတာ။ အဲဒါက ပထမ Case ” ဟု စီးပွားရေး အသိုင်းအ၀ိုင်းက ပြောဆိုသည်။
ယင်းအပြင် ဇော်မင်းထွန်းမိန်းမ သင်းသင်းအောင်က မြေကွက် အရောင်းအဝယ်လုပ်ရာတွင် မြေစာ ရင်း ဌာနနှင့်ပူးပေါင်း၍ ပြည်သူ့ဆက် ဆံရေးနှင့် စိတ်ဓာတ်စစ် ဆင်ရေးတပ်ဖွဲ့ ၊ တိုက်ပွဲဝင်စည်းရုံးရေးဌာနခွဲတို့၏ မြေကွက်များကို ရောင်းစားခဲ့ကြောင်း၊ အဆိုပါ ရောင်းစားမှုများကိုလည်း နစ်နာသူများ မင်း အောင်လှိုင်ထံသို့ တိုင်ကြားခဲ့ပြီး စိစစ်ရာမှ မှန်ကန်သဖြင့် အရေးယူခံရခြင်းဖြစ်ကြောင်း၊ ထို့ပြင် တောင်ကြီးနှင့်မေမြို့တို့တွင်လည်း ဇော်မင်းထွန်းမိန်းမက မြေကွက်အရောင်းအဝယ်များ လုပ်ရာတွင် ဌာနဆိုင်ရာမြေများပါဝင်ကြောင်း သိရှိရသည်။
“ကကပြည်အောက်မှာရှိတဲ့ တိုက်စည်း ကျောင်းမြေ ၊ တောင်ကြီး၊ မေမြို့ မှာရှိတဲ့ မြေတွေကို ယခင်တပ်ကြပ်ကြီးစာရေး (ယခု အရာခံဗိုလ်) နှင့်ပေါင်းပြီးမြေရောင်းစား၍ တိုင်ကြားခံရခြင်းအပေါ် စစ်ခုံရုံးတင်၍ စစ်ဆေးအရေးယူခံရတယ်။ အဲဒါတွေကို ဗိုလ်ချုပ်ဇော်မင်းထွန်းက မသိဘူးပြောတယ်။ သူ့မိန်းမ လုပ်တာ” ဟု စီးပွားရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။
အကြမ်းဖက် ဇော်မင်းထွန်းကို ရာထူးတာဝန်များမှ ထုတ်ပယ်ဖယ်ရှားလိုက်သော်လည်း အသနားခံစာနှင့် ထုချေလွှာ တင်ပြထားသဖြင့် မင်းအောင်လှိုင်က ပြန်လည် ခေါ်ယူမည်၊ မခေါ်ယူမည်ကို မသိရှိရသေးဘဲ စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ယင်းကိစ္စကို အလေးထား စောင့်ကြည့်နေသူများက ပြောဆိုသည်။
အကြမ်းဖက် ဇော်မင်းထွန်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၇ ကျောင်းဆင်းဖြစ်ပြီး ၎င်း၏ မပီပြင်သော အင်္ဂလိပ်စာ အသံထွက်ဖြင့် မရှက်ရွံ့သော မျက်နှာပြောင်တိုက် လိမ်ညာတတ်မှုများကြောင့် ပြည်သူများနှင့် အတိုက်အခံနိုင်ငံရေးအင်အားစုများက ဇော်မဲလုံး ဟု ခေါ်ဝေါ် သရော်ခံရသူဖြစ်သည်။