အများပြည်သူများအနေဖြင့် ဘဏ်များ၌ ငွေစက္ကူအဟောင်းများကို လာရောက် လဲလှယ်ရာတွင် လဲလှယ်သည့် ပမာဏအလိုက် ကျပ်နှစ်သောင်းတန်များကို ထည့်သွင်းပေးရန် ဗဟိုဘဏ်က ညွှန်ကြားလိုက်ကြောင်း ပြင်ပသို့ ပေါက်ကြားလာသည့် စာအရ သိရသည်။

ဗဟိုဘဏ်က ပြည်တွင်းဘဏ်များ အားလုံးကို အစည်းအဝေး ခေါ်ပြီးနောက် ယမန်နေ့ ဧပြီ ၁ ရက်မှစ၍ နှစ်သောင်းကျပ်တန် ငွေစက္ကူများကို အဟောင်းအသစ် လဲလှယ်သည့်ပုံစံဖြင့် ဖြန့်ချိရန် စာထုတ် ညွှန်ကြားခဲ့ကြောင်း ဘဏ်နှင့် နီးစပ်သူများထံမှ သိရသည်။
⚠️ အထူးသတိပြုရန် အချက် –
“နှစ်သောင်းတန်ကို ကုန်စျေးနှုန်း တက်မှာစိုးလို့ ထိန်းချုပ် ဖြန့်တာပါပဲ၊ သတိပြုရမှာက လဲလှယ်ပေးလိုက်တဲ့ လူရဲ့ အမည်၊ မှတ်ပုံတင်၊ ဖုန်း၊ ငွေစက္ကူ နံပါတ်တွေကို မှတ်သားထားတာပဲ။ နှစ်သောင်းတန်နဲ့ ပတ်သက်ပြီး တစ်ခုခုအကြောင်းနဲ့ လိုင်းပေါ်ဖွလာရင် ဆွဲကုတ်ဖို့ လုပ်ထားတာမို့ သတိထားရလိမ့်မယ်” ဟု ဘဏ်နှင့် နီးစပ်သူတစ်ဦးက ပြောပြထားပါတယ်။
ငွေစက္ကူအဟောင်းများ လာရောက်လဲလှယ်ရာတွင် နှစ်သောင်းတန်ကို အောက်ပါပမာဏအတိုင်း ထည့်သွင်းလဲလှယ်ပေးရန် ဘဏ်များသို့ အသိပေးစာတွင် ဖော်ပြထားသည်။
🔸 ကျပ် ၅ သောင်းမှ ၁ သိန်းအထိ – နှစ်သောင်းတန် (၁) ရွက်
🔸 ကျပ် ၁ သိန်းမှ ၂ သိန်းအထိ – နှစ်သောင်းတန် (၂) ရွက်
🔸 ကျပ် ၂ သိန်းမှ ၃ သိန်းအထိ – နှစ်သောင်းတန် (၃) ရွက်
🔸 ကျပ် ၃ သိန်းအထက် – နှစ်သောင်းတန် ဘဏ်လက်ကျန် ရှိသည့်အပေါ် မူတည်၍ လဲလှယ်ပေးမည်။
သို့သော်လည်း စျေးကွက်အတွင်း ကျပ်နှစ်သောင်းတန်များ စတင်ရောက်ရှိပါက ငွေကြေး ဖောင်းပွမှုနှင့် ကုန်စျေးနှုန်း မြင့်တက်မှု ဖြစ်ပွားမည်ကို တာဝန်ရှိသူများအနေဖြင့် စိုးရိမ်မှုရှိနေကြောင်းလည်း တိုင်းနှင့်ပြည်နယ်အလိုက် ကုန်သည်လုပ်ငန်းရှင်များကို ခေါ်ယူတွေ့ဆုံမှုအရ သိရသည်။
ယင်းကဲ့သို့ နှစ်သောင်းတန်များ ဖြန့်ဝေမှုကြောင့် ကုန်ဈေးနှုန်း မမြှင့်ရန် ဘဏ်လုပ်ငန်းရှင်များနည်းတူ ကုန်သည်များ၊ ရွှေလုပ်ငန်းရှင်များကိုလည်း ခေါ်တွေ့ပြီး ကုန်စျေးနှုန်း မမြှင့်ရန် ခေါ်ယူသတိပေးမှုများလည်း ပြုလုပ်ခဲ့သေးကြောင်း သတင်းရင်းမြစ်က ပြောသည်။
“မနေ့ကပဲ ရွှေလုပ်ငန်းရှင်တွေ၊ ကုန်သည်တွေကိုလည်း ခေါ်တွေ့တယ်လို့ ပြောတယ်၊ အဓိကကတော့ စျေးကွက်ထဲ နှစ်သောင်းတန်တွေ စဖြန့်တာနဲ့ ကုန်စျေးနှုန်း မတက်အောင် ခေါ်သတိပေးတာ” ဟု ၎င်းက ဆိုသည်။