ပြည်ပသို့ လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာမည်ဆိုပါက ခရီးသည်များ၏ နိုင်ငံကူးလက်မှတ်အပြင် မှတ်ပုံတင်ကိုပါ စိစစ်ရန် ညွှန်ကြား

ပြည်ပသို့ လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာမည်ဆိုပါက ခရီးသည်များ၏ နိုင်ငံကူးလက်မှတ်အပြင် မှတ်ပုံတင်ကိုပါ စိစစ်ရန် ညွှန်ကြား
ရန်ကုန်၊ ဧပြီ ၄

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ လေကြောင်းခရီးစဉ်ထွက်ခွာမည်ဆိုပါက ခရီးသည်များ ၏ နိုင်ငံကူးလက်မှတ်အပြင် မှတ်ပုံတင်ကိုပါ စိစစ်ရန် ညွှန်ကြားထားကြောင်း ရန်ကုန်အခြေစိုက် Golden Myanmar ခရီးသွားအေဂျင်စီမှ တာဝန်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ပြည်တွင်း/ပြည်ပ ဒေသအသီးသီးသို့ သွားရောက်ကြမည့်ခရီးသည်များတွင် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက် ပြားစေမည့် ပြေး ၄ ပြေးများမပါရှိစေရေး ခရီးသည်များ၏ မှတ်ပုံတင်ပါအချက် အလက်များအား စိစစ်ဆောင်ရွက်မှုများကို ပြည်တွင်း/ပြည်ပ ထွက်ခွာလက်မှတ်စစ်ကောင်တာနေ ရာများ နှင့် ပြည်ပဆိုက်ရောက်လေကြောင်းရဲတပ်ဖွဲ့ကောင်တာနေရာများတွင် လေ ကြောင်း ရဲတပ်ဖွဲ့မှ မကြာခင်ဆောင်ရွက်တော့မည်ဟု အကြောင်းကြားလာကြောင်း သိရှိရသည်။
“ပြည်တွင်းလေကြောင်းခရီးစဉ်ကတော့ မှတ်ပုံတင်ပြရတယ်။ မှတ်ပုံတင်နံပါတ်ပေးရတာ ပုံမှန်ပါပဲ။ ပြည်ပခရီးစဉ်တွေကတော့ ပတ်စ်ပို့တင်မရတော့ဘူး။ မှတ်ပုံတင်ပါ လေဆိပ်မှာ ပြရမယ်။ လေယာဉ်လက်မှတ်ဝယ်ချိန်မှာလည်းပတ်စ်ပို့အပြင် မှတ်ပုံတင်ပါပေးခိုင်းတာပါ။ ရန်ကုန်လေဆိပ်မှ ပြည်ပသွားရောက်သူတွေထဲမှာ တချို့ မသင်္ကာသူတွေကို မှတ်ပုံတင် စစ်တယ်။ အခုကတော့ ပြည်ပသွားမယ့်သူတိုင်း မှတ်ပုံတင်ပါ ပြရတော့မှာ” ဟု Golden Myanmar ခရီးသွားအေဂျင်စီမှ တာဝန်ရှိသူက ရှင်းပြသည်။
ယင်အးပြင် လေကြောင်းလိုင်းများအနေဖြင့် ပေးပို့လျက်ရှိသည့် ကြိုတင်ခရီးသည်စာရင်း နှင့် အတည် ပြုခရီးသည်စာရင်းများ၌ ခရီးသည်များ၏ မှတ်ပုံတင်အမှတ်များ ပြည့်စုံစွာထည့်သွင်းဖော်ပြပေးရန်၊ မြန်မာနိုင်ငံသားခရီးသည်များအား လက်မှတ်ရောင်းချရာတွင် နိုင်ငံသားစိစစ်ရေးကတ်အမှတ်များထည့်သွင်းပေးရန်၊ လေကြောင်းလိုင်းကောင်တာ၌ Check In ဝင်စဉ်တွင် နိုင်ငံသားစိစစ်ရေးကတ်များပါဝင်ရေး စိစစ်ပေးရန် နှင့် လိုအပ်သည်များ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် စစ်တပ်က ကြိုတင်အကြောင်းထားကြောင်း သိရှိရသည်။
တစ်ဖက်တွင်လည်း လုံခြုံရေးအကြောင်းပြ၍ စစ်တပ်နှင့်ရဲများက ရန်ကုန်လေဆိပ်တွင် ပြည်ပသွားရောက်မည့် ခရီးသည်များနှင့်လူငယ်များကို ငွေညှစ်ခြင်း၊ လေယာဉ်ပေါ် ပေးမတက်ဘဲ အိမ်ပြန်ခိုင်းခြင်းများဖြစ်ပေါ်နေကာ ငွေပေး၍ VIP လိုင်းလုပ်ဆောင်ထားပါက ပြည်ပထွက်ရန် အဆင်ပြေ ကြောင်း၊ ပြည်ပသို့ ချောမွေ့စွာ ထွက်ခွာနိုင်ရေး VIP လိုင်းမှာ ငွေကျပ် သိန်း ၆၀ အထိစျေးပေါက် လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။