မိတ္ထီလာ(ရှမ်းတဲ) လေတပ်စခန်း ဌာနချုပ်ကို ရှော့တိုက်ဒုံး ၁၀ လုံး ဖြင့် ပစ်ခတ် တိုက်ခိုက်

မိတ္ထီလာ(ရှမ်းတဲ) လေတပ်စခန်း ဌာနချုပ်ကို ရှော့တိုက်ဒုံး ၁၀ လုံး ဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ ဧပြီ ၂

 

မန္တလေးတိုင်း၊ မိတ္တီလာမြို့ရှိ အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာ(ရှမ်းတဲ) လေတပ်စခန်း ဌာနချုပ်ကို ရှော့တိုက်ဒုံး ၁၀ လုံး ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း BRAVE WARRIORS FOR MYANMAR အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၂ ရက်နေ့ နံနက် ၄ နာရီ ၂၆ မိနစ်ခန့်တွင် BWM ၏ Mission 55 အဖြစ် အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာ ရှမ်းတဲ လေတပ်စခန်း ဌာနချုပ်အတွင်းကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၁ဝ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇ လုံးကို အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက် နိုင်ခဲ့ကြောင်း သိရသည်။
ထို မိတ္ထီလာ လေတပ်စခန်း ဌာနချုပ်သည် အကြမ်းဖက် စစ်တပ်အတွက် ပြည်သူများကို ဗုံးကျဲ သတ်ဖြတ်ပေးနေသော လေသူရဲများကို မွေးဖွားပေးရာနေရာ ဖြစ်ပြီး စစ်ကောင်စီ၏ လေတပ်စခန်းတို့၏ အဓိကခေါင်ချုပ် လေတပ်ဌာနချုပ်ဖြစ်ကြောင်း၊ ထို့ပြင် လေကြောင်း တိုက်ခိုက်မှု အားလုံးအတွက် အခရာကျသော စစ်တပ်၏ အားအထားရဆုံး လေတပ်စခန်း ဌာနချုပ်လည်းဖြစ်၍ BWM နှင့် မဟာမိတ် အဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ကောင်စီ၏ တပ်တော်ဝင် လေယာဉ်များလည်းထားရှိရာ လေတပ်စခန်းဌာနချုပ် ဖြစ်သည့်အတွက် မြေပြင် လုံခြုံရေး အထပ်ထပ် ချထားသည့်ကြားမှ BWM နှင့် မဟာမိတ်များက လျှပ်တပြက် ထိုးဖောက်ဝင်ရောက်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် No More Dictatorship (NMD-PDF) Shadow(Mandalay)အဖွဲ့၊ မိုးမခတပ်ဖွဲ့ (ညောင်ဦးခရိုင် ပကဖ) နှင့် Satan အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပြီး ယင်းတိုက်ခိုက်မှုတွင် အားဖြည့်ပါဝင်ပေးသော တောင်သာ ပလဖ အဖွဲ့နှင့် နယ်မြေခံအဖွဲ့တို့ကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း BWM အဖွဲ့က ပြောဆိုထားသည်။