မြ၀တီ-ကော့ကရိတ်အာရှလမ်းမှာ စစ်မက်ဇုန်ထဲတွင် ပါဝင်နေပြီး လုံခြုံရေးအတွက် မည်သူကမှ အာမခံမှု မရှိဟု KNU ပြောရေးဆိုခွင့်ရှိသူ သတိပေး၊ အာရှလမ်းပိုင်းတွင် ပါဝင်သော ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲများ နေ့စဉ်ဖြစ်ပွား ပြင်းထန်နေဆဲ
ရန်ကုန်၊ ဧပြီ ၂






ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မြ၀တီ-ကော့ကရိတ်အာရှလမ်းမှာ စစ်မက်ဇုန်ထဲတွင် ပါဝင်နေပြီး လုံခြုံရေးအတွက် မည်သူကမှ အာမခံမှု မရှိဟု KNU ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ KNU ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်သူ ပဒိုစောတောနီးက သတိပေးပြောဆိုလိုက်သည်။
အကြမ်းဖက်စစ်တပ်က ယနေ့ ဧပြီလ ၂ ရက်နေ့တွင် ဘားအံ-ကော့ကရိတ်-မြ၀တီ (အာရှလမ်း)ကို ဖွင့်လှစ်ကြောင်း ကြေညာပြီး ဖွင့်ပွဲဖြင့် ကားတန်းများကို ဖြတ်သန်းစေမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။
KNU ဘက်ကမူ အာရှလမ်းမကြီးသည် စစ်မက်ဇုန်ထဲတွင် ပါဝင်နေပြီး စစ်ဖြစ်နေကြောင်း၊ စစ်ပွဲကာလဖြစ်၍ မည်သူကမှ လုံခြုံရေးကို တာဝန်ယူနေသည့် အခြေအနေ မရှိကြောင်း၊ ယင်းအာရှလမ်းတွင် သွားလာရင်း တစ်စုံတစ်ခု ဖြစ်ပွားပါက မည်သူက တာဝန်ယူမည်နည်းဆိုသည်မှာ မေးခွန်းထုတ်ရမည်ဖြစ်ကြောင်း ပဒိုစောတောနီးက ပြောဆိုသည်။
“အဲဒါနဲ့ပတ်သက်ပြီးတော့ ထူးထူးခြားခြားပြောစရာမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာကြီးက လုံခြုံရေးအရ အင်မတန်အရေးကြီးတယ်။ လုံခြုံမှုမရှိဘဲ သွားရင်းလာရင်းနဲ့ တစ်စုံ တစ်ခုဖြစ်မယ်ဆိုရင် ဘယ်သူက တာဝန်ယူမလဲဆိုတာ ဘယ်သူမှ တာဝန်မယူတဲ့အနေ အထားမျိုးမှာ ကိုယ့်အသက်ကိုယ်မနှောမြောဘူးဆိုတဲ့လူကတော့မရှိပါဘူး။ ကိုယ့်အသက်ကိုယ် မနှမြောဘဲ သွားချင်းသပဆိုရင်လည်း သွား ။ ကျနော်တို့ ဘယ်လိုမှ တားလို့မရဘူး။ ဒါစစ်ဖြစ်နေတဲ့အချိန်ကာလလည်းဖြစ်တယ်။ စစ်မက်ဇုန်ထဲမှာလည်း ဖြစ်နေတဲ့အခါ ၀ုန်းဒိုင်း ၀ုန်းဒိုင်းကျဲနေတာကလည်း နေ့တိုင်းအသိပဲလေ။ ဒါကြောင့်မို့လို့ ထူးထူးခြားခြား ပြောစရာမရှိပါဘူး” ဟု ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သည်။
ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း၏ အဓိကအရေးပါဆုံး မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ယနေ့ ဧပြီ ၂ ရက် နံနက် ၈ နာရီအချိန် တံတားဦးကျေးရွာ (လွန်းညရေပြာ)အနီး ဖွင့်ပွဲလုပ်ဆောင်နေခြင်းဖြစ်သည်။
လတ်တလော အာရှလမ်း၏ အစိတ်အပိုင်းဖြစ်သော ကော့ကရိတ်မြို့နယ်အတွင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ စစ်တပ်ကလည်း ကော့ကရိတ်မြို့နယ်ကို နယ်မြေစိုးမိုးနိုင်မှု မရှိသေးဘဲ နှစ်ဖက် ထိတွေ့မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရှိရသည်။
“ကော့ကရိတ်ဂွင်မှာ စစ်တပ်ကလည်း ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ပစ်နေတာ နေ့တိုင်းရှိတယ်။ မတော်လို့များ အာရှလမ်းပေါ်ကျလို့ ခရီးသည်တွေ ထိခိုက်တာဖြစ်ရင်တော့ စစ်တပ်က တာဝန်ယူမလား။ ဘယ်တုန်းကမှ စစ်တပ်က တာဝန်မယူခဲ့ဘူး။ ကော့ကရိတ်မှာ ဒရုန်းနဲ့ လက်နက်ကြီးတွေကို အများဆုံး သုံးနေတာ စစ်တပ်ကပဲ ပစ်ခတ်နေတာ” ဟု ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲဝင်နေသော တော်လှန်ရေး သတင်းရင်းမြစ်က မေးခွန်းထုတ်သည်။
စစ်တပ်က ကော့ကရိတ်မှ မြ၀တီအထိ၊ မြ၀တီမှ ကော့ကရိတ် အရပ်သားကားများကို ယာဉ်တန်းဖြင့် သွားလာခိုင်းနေပြီး ယနေ့နံနက်ပိုင်း ယာဉ်တန်းဖြင့် ဖြတ်သန်းနေကြကြောင်း သိရှိရသည်။
ကရင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးကို ၂၀၂၃ ဒီဇင်ဘာ ၁ ရက်နေ့မှစတင်၍ ပိတ်ထားခဲ့ရခြင်းဖြစ်သည်။