ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ကင်းလှည့်နေသည့် ရဲကား ၄ စီး ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်မှ ၁၀ ဦး မျက်မြင်သေဆုံးဟုဆို

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ကင်းလှည့်နေသည့် ရဲကား ၄ စီး ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်မှ ၁၀ ဦး မျက်မြင်သေဆုံးဟုဆို
မတ် ၃၀၊ ၂၀၂၆

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ကင်းလှည့်နေတဲ့ စစ်အုပ်စုလက်အောက်ခံ ရဲကားတန်းကို တိုက်ခိုက်ရာမှာ စစ်တပ်ဘက်က ၁၀ ဦး မျက်မြင်သေဆုံးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က သတင်းထုတ်ပြန်ပါတယ်။
မတ်လ ၃၀ ရက်နေ့၊ ဒီနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်လောက်မှာ ကျော်ကြားရွာအနီး၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၂၅၃)ဝန်းကျင်မှာ အင်အား ၂၀ ခန့်လိုက်ပါလာတဲ့ ရဲကား ၄ စီးကို PLA ရဲဘော်တွေက ကင်းပုန်းဝပ်ပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
တော်လှန်ရေးရဲဘော်တွေ တိုက်ခိုက်ခဲ့တဲ့ နေရာဟာ နေပြည်တော်နဲ့ နီးကပ်တဲ့ နေရာဖြစ်ပြီး တိုက်ခိုက်ခံရတဲ့ကားတွေကတော့ ကင်းလှည့်တာနဲ့ ငွေကြေးကောက်ခံတာတွေကို လုပ်ဆောင်နေတဲ့ ရဲကားတွေ ဖြစ်တယ်လို့ သိရပါတယ်။
အပြန်အလှန် ထိတွေ့တိုက်ပွဲမှာ ၂၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်အုပ်စုဘက်က ၁၀ ဦး သေဆုံးသွားတာကို တော်လှန်ရေးရဲဘော်တွေ မျက်မြင်တွေ့ရှိခဲ့ရပြီး ဒဏ်ရာရရှိသူ အရေအတွက်ကို အသေးစိတ်အတည်ပြုနိုင်တာ မရှိသေးပေမဲ့ ထိခိုက်သူများပြားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက်မှာတော့ အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခဲ့ရာ ပတ်ဝန်းကျင်တစ်ဝိုက်မှာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပြီး တပ်အင်အားကိုလည်း ဖြည့်တင်းထားတယ်လို့ သိရပါတယ်။
ပုံစာ – တိုက်ခိုက်ခံရတဲ့ ရန်ကုန်-မန္တလေးအမြန်လမ်းပိုင်းနှင့် PLA တပ်ဖွဲ့ဝင်များ။