သီတင်းပတ်တွေနဲ့ချီ ကြာမယ့် မြေပြင် စစ်ဆင်ရေးအတွက် အမေရိကန် ပြင်ဆင်နေတယ်လို့ဆို

သီတင်းပတ်တွေနဲ့ချီ ကြာမယ့် မြေပြင် စစ်ဆင်ရေးအတွက် အမေရိကန် ပြင်ဆင်နေတယ်လို့ဆို

အမေရိကန်ဟာ အီရန် ပိုင်နက်ထဲမှာ သီတင်းပတ်တွေနဲ့ချီ ကြာမြင့်မယ့် မြေပြင် ထိုးစစ်အတွက် ပြင်ဆင်နေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
မတ်လ ၂၈ ရက်နေ့မှာ ဝါရှင်တန်ပို့စ် သတင်းစာက အမေရိကန် စစ်ဘက် ထိပ်တန်း အရာရှိ တချို့ကို ကိုးကားပြီး အဲဒီသတင်းကို စတင် ဖော်ပြခဲ့ပါတယ်။
အမေရိကန်ဟာ အထူးစစ်ဆင်ရေး ယူနစ်တွေရော၊ သမားရိုးကျ ခြေလျင်တပ်တွေကိုပါ အီရန်ပိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းစာက ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့က အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲတလျှောက် အမေရိကန်ဟာ ရေတပ်နဲ့ လေတပ်ကိုသာ အသုံးပြုပြီး အီရန်ရဲ့ စစ်ရေးပစ်မှတ်တွေကို ဖျက်ဆီးနေခဲ့ပေမယ့် မြေပြင်မှာတော့ ချေမှုန်းရေး တပ်တွေကို မစေလွှတ်သေးပါဘူး။
ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အီရန်နိုင်ငံ တဝိုက်က အမေရိကန်မဟာမိတ် အာရပ်နိုင်ငံတွေမှာတော့ အမေရိကန် မရိန်းတပ်ဖွဲ့တွေ အပါအဝင် တပ်အင်အား သောင်းနဲ့ချီ တိုးမြှင့် ဖြန့်ကျက်လာခဲ့ပါတယ်။
အမေရိကန်ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်ဟာ အခုအခါမှာ သီတင်းပတ်တွေနဲ့ချီ ကြာမြင့်နိုင်တဲ့ မြေပြင်ထိုးစစ်အတွက် အသင့်ပြင်ဆင်မှုတွေ လုပ်နေပြီ ဆိုပေမယ့် တကယ်တမ်း ခြေလျင်တပ်တွေ အီရန်ကို ဝင်ရောက်မလား ဆိုတာကတော့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်မယ်လို့ ဝါရှင်တန်ပို့စ်က ဆိုပါတယ်။ ထရမ့်ကလည်း အခုအချိန်ထိ အဲဒီကိစ္စအပေါ် ယတိပြတ် မဆုံးဖြတ်သေးဘူးလို့ သိရပါတယ်။
ထရမ့်ကတော့ အမေရိကန်ဟာ ခြေလျင်တပ်တွေ စေလွှတ်စရာ မလိုဘဲနဲ့ အီရန်စစ်ပွဲမှာ အနိုင်ရနေခဲ့ပြီး ဖြစ်တယ်လို့ ပြောကြားထားပါတယ်။ ပြီးတော့ သူဟာ အီရန်နဲ့ စစ်ရပ်စဲရေး ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့လည်း မှတ်ချက်ပေးထားပါတယ်။ ဒါပေမဲ့ အီရန်မှာ မြေပြင်စစ်ဆင်ရေးတွေ ဆင်နွှဲဖို့ ရှိမရှိ ဆိုတာကိုတော့ သူက တိတိကျကျ ပြောမထားပါဘူး။
ခြေလျင်တပ်တွေ မစေလွှတ်သေးပေမယ့် အီရန်နဲ့ စစ်ပွဲကာလအတွင်း အာရပ်နိုင်ငံတွေမှာ အခြေစိုက်ထားတဲ့ အမေရိကန် စစ်သည် ၁၃ ဦးထိ အီရန်ရဲ့ တိုက်ခိုက်မှုနဲ့ တခြားပြဿနာတွေကြောင့် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
ကိုးကား: Washington Post
ဓာတ်ပုံ – Getty, Reuters
#အမေရိကန်