အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မည့် အဓိကလက်နက်မှာ ပြည်သူလူထု၏ ညီညွတ်မှုအင်အားသာဖြစ်ဟု NUG က သတိပေး
ရန်ကုန်၊ မတ် ၂၈
အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မည့် အဓိကလက်နက်မှာ ပြည်သူလူထု၏ ညီညွတ်မှုအင်အားသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတိပေးထုတ်ပြန်လိုက်သည်။
ယမန်နေ့က ကျရောက်သည့် (၈၁) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အတွက် ပေးပို့သော သဝဏ်လွှာတွင် အမျိုးသားညီညွတ်ရေးအစိုးရက ယင်းကဲ့သို့ ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။
အဆိုပါသဝဏ်လွှာတွင် လွန်ခဲ့သော ၈၁ နှစ်က ဘိုးဘွားများအနေဖြင့် နယ်ချဲ့ဖက်ဆစ်များကို စုစည်းညီညွတ်မှု၊ အပြန်အလှန်ယုံကြည်လေးစားမှုတို့ဖြင့် တိုက်ထုတ်ခဲ့၍ အောင်ပွဲဆွတ်ခူးနိုင်ခဲ့သည့် သမိုင်းသင်ခန်းစာကို ထောက်ပြထားသည်။ ယနေ့အချိန်တွင် တပ်မတော်ဟု အမည်ခံထားသော အဖွဲ့အစည်းသည် ပြည်သူကို ကာကွယ်ရမည့်အစား ရန်သူသဖွယ် သဘောထားကာ ဖက်ဆစ်တို့ထက်ပင် ဆိုးဝါးသော လုပ်ရပ်များကို ကျူးလွန်နေခြင်းမှာ ဝမ်းနည်းကြေကွဲဖွယ်ရာ သမိုင်းအမည်းစက်ဖြစ်ကြောင်းလည်း ဆိုသည်။
ထို့အပြင် လက်ရှိနွေဦးတော်လှန်ရေးတွင် မျိုးဆက်သစ်လူငယ်များနှင့် တော်လှန်ရေးအင်အားစုများသည် ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြု၍ အာဏာလုယူကာ စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရန် ရှေ့တန်းမှ ရဲဝံ့စွာ တိုက်ပွဲဝင်နေကြသည်ဟု ဖော်ပြထားသည်။
တော်လှန်ရေး၏ အဆုံးသတ်ပန်းတိုင် နီးကပ်လာသည်နှင့်အမျှ စည်းလုံးမှု ပိုမိုခိုင်မာရန် လိုအပ်ပြီး ပြည်သူတို့၏ မတုန်မလှုပ်သော သန္နိဋ္ဌာန်နှင့် စည်းလုံးမှုစွမ်းအားကြောင့် အောင်ပွဲသည် လက်တစ်ကမ်းအကွာသို့ ဆိုက်ရောက်လာနေပြီဖြစ်ကြောင်း NUG က အသိပေးထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တိုင်းရင်းသားမဟာမိတ် တော်လှန်ရေးအင်အားစုများနှင့်အတူ လက်တွဲကာ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုများကို မြန်မာ့မြေပေါ်မှ အပြီးတိုင် သုတ်သင်သွားမည်ဖြစ်ကြောင်း၊ နောင်တွင် ဖက်ဆစ်သန္ဓေဆိုးကင်းစင်ပြီး ပြည်သူကို အလေးထားကာကွယ်သည့် ပြည်သူ့တပ်မတော်တစ်ရပ်ကို ခိုင်မာစွာ ထူထောင်သွားမည်ဖြစ်ကြောင်းလည်း သန္နိဋ္ဌာန်ပြုထားသည်။
ပြည်သူသာလျှင် အဓိကဖြစ်သည့် ဒီမိုကရေစီအနှစ်သာရနှင့်အညီ ညီညွတ်မှုအင်အားဖြင့် စိန်ခေါ်မှုများကို ကျော်ဖြတ်ကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ဟန်ချက်ညီညီ ဆက်လက်တိုက်ပွဲဝင်သွားကြရန် NUG က တိုက်တွန်းနှိုးဆော်ထားသည်။