တပ်မတော်နေ့နောက်ပိုင်း ခေါင်းဆောင်ပိုင်းအပြောင်းအလဲဖြစ်မည်ဟု ဒုတပ်ချုပ်ပြော
———————————————



တပ်မတော်နေ့ အခမ်းအနားပြီးဆုံးတဲ့နောက်ပိုင်းမှာ တပ်မတော်အပိုင်းမှာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေ ဖြစ်ပေါ်လာမှာ ဖြစ်တယ်လို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။
မတ် ၂၆ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာမှာ ကျင်းပတဲ့ တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အငြိမ်းစား တပ်မတော်အရာရှိကြီးတွေကို တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုတွေက ဂါရဝပြုကန်တော့တဲ့ အခမ်းအနားမှာ အခုလို ပြောကြားခဲ့တာပါ။
မကြာမီ ရက်ပိုင်းအတွင်း သမ္မတ နဲ့ ဒုတိယသမ္မတတွေ ရွေးချယ်တင်မြှောက်ကာ ဒီမိုကရေစီ အစိုးရသစ်တစ်ရပ် ပေါ်ထွန်းလာတော့မှာဖြစ်ပြီး ဒီမိုကရေစီ အစိုးရသစ်ကို နိုင်ငံတော်တာဝန် လွှဲပြောင်းပေးအပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါ တယ်။
အလားတူ တပ်မတော်အပိုင်းမှာလည်း တပ်မတော်နေ့ အခမ်းအနားပြီးဆုံးတဲ့ နောက်ပိုင်းမှာ ခေါင်းဆောင်ပိုင်း အ ပြောင်းအလဲတွေ ဖြစ်ပေါ်လာမှာဖြစ်ပြီး ဘယ်သူဦးဆောင်တာဖြစ်စေ တပ်မတော်အနေနဲ့ တပ်မတော်ရဲ့ ခေါင်း ဆောင် အစဉ်အဆက်၊ သင်ဆရာ၊ ကြားဆရာ၊ မြင်ဆရာတွေရဲ့ လမ်းညွှန်ချက်တွေအတိုင်း၊ စစ်ပညာရပ်တွေအတိုင်း၊ ချမှတ်ထားတဲ့ မူဝါဒလမ်းစဉ်တွေအတိုင်း ဆက်လက်လျှောက်လှမ်းကြရမှာဖြစ်တယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြော ပါတယ်။
တပ်မတော်ရဲ့ အဓိကတာဝန်ဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ဆက်လက်ပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားမှာဖြစ်ပြီး နိုင်ငံတော်အစိုးရရဲ့ မူဝါဒနဲ့အညီလည်း လက်တွဲညီညီ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
လက်ရှိအချိန်ထိ နိုင်ငံတော်ကို ဦးဆောင်နိုင်တာဟာ တပ်မတော်က နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို ထမ်း ဆောင်နိုင်တာဟာ ခေတ်အဆက်ဆက် လွတ်လပ်ရေးမတိုင်မီ၊ လွတ်လပ်ရေးရပြီး နဲ့ လက်ရှိကာလအထိ အဆင့် ဆင့်သော တပ်မတော်ခေါင်းဆောင်ကြီးတွေ၊ အမိအဖ၊ ဆရာသမားတွေရဲ့ သွန်သင်ဆုံးမမှုတွေ၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေရဲ့ အဆင့်ဆင့် လက်ဆင့်ကမ်းသွန်သင်ဆုံးမမှုတွေကြောင့် ရပ်တည်နိုင်ခဲ့တာဖြစ်ပြီး ဆက်လက်ပြီးလည်း ကောင်းမွန်တဲ့ လမ်းညွှန်ဆုံးမမှုတွေ ပြုပေးနိုင်ဖို့ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ ကိုယ်စားပန်ကြားလိုတယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။
အဲဒီနောက် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ ဇနီး၊ တက်ရောက်လာကြတဲ့ တပ်မတော်အရာရှိကြီးတွေနဲ့ ဇနီးတွေက တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုတွေ ကိုယ်စား အငြိမ်းစားတပ်မတော်အရာရှိကြီးတွေကို မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာနဲ့အညီ ရိုသေစွာ ဂါရဝပြု ကန်တော့ခဲ့ကြပါတယ်။
အဲဒီနောက် ကန်တော့ခံ အငြိမ်းစားတပ်မတော်အရာရှိကြီးတွေကိုယ်စား ဗိုလ်ချုပ်ကြီးသိန်းစိန်(အငြိမ်းစား)က တပ်မတော်ကြီးဟာ ထာဝစဉ်နုပျိုနေဖို့လိုအပ်ပြီး အရည်အချင်းပြည့်ဝတဲ့ တပ်မတော်၊ အင်အားပြည့်ဝတဲ့ တပ်မတော်၊ စွမ်းအင်ထက်မြက်တဲ့ တပ်မတော်ဖြစ်နေဖို့ လိုအပ်တယ်လို ပြောပါတယ်။
မကြာမီရက်ပိုင်းအတွင်း ဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်ထွက်လာမှာဖြစ်ပြီး အဲဒီအစိုးရဟာ တိုင်းပြည်ကောင်းမွန်စေဖို့၊ တရားဥပဒေစိုးမိုးဖို့၊ ပြည်သူလူထုရဲ့ စားဝတ်နေရေး အဆင်ပြေစေဖို့နဲ့ နိုင်ငံရဲ့ လူမှုစီးပွားဘဝတွေ ဖွံဖြိုးတိုးတက်စေဖို့ ဆောင်ရွက်ကြရမှာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလို ဆောင်ရွက်နိုင်ဖို့အတွက် တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ လိုအပ်တာကြောင့် တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ လွန်စွာအရေးကြီးပြီး နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့ စွမ်းရည်ပြည့်စုံတဲ့ တပ်မတော်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြဖို့လိုအပ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ တိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ဇနီး၊ တပ်မတော်အရာရှိကြီးတွေနဲ့ ဇနီးတွေက အငြိမ်းစား တပ်မတော်အရာရှိကြီးတွေနဲ့ ဇနီးတွေထံ ဂါရဝပြု လက်ဆောင်ပစ္စည်းတွေကို ကိုယ်တိုင်ကိုယ်ကျ ရိုသေစွာ ဂါရဝပြု ပေးအပ်ခဲ့ပါတယ်။