နေပြည်တော်အဝင် စစ်ဆေးရေးဂိတ်ကို အသေခံဒရုန်းများဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ (ရုပ်/သံ)
ရန်ကုန်၊ မတ် ၂၂
ရန်ကုန်-မန္တလေး လမ်းဟောင်း နေပြည်တော်အဝင် စစ်ဆေးရေးဂိတ်ကို အသေခံဒရုန်းများဖြင့် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ဝရဇိန်တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ရန်ကုန်-မန္တလေးလမ်းဟောင်း နေပြည်တော် ကောင်စီနယ်မြေရှိ အကြမ်းဖက် စစ်တပ်၏ စုပေါင်း စစ်ဆေးရေးဂိတ်ကို ဝရဇိန်တပ်ဖွဲ့က “Operation Fly Over Urban (Yae Ni)” အဖြစ် အဆင့်မြင့် အသေခံ ဒရုန်း များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၇ ဦး ထိခိုက် ဒဏ်ရာရရှိကာ သေဆုံးသူ စာရင်းကို ဆက်လက်စုံစမ်းနေကြောင်း၊ ယင်းစစ်ဆင်ရေးအတွင်း အကြမ်းဖက် စစ်တပ်က Jammer များ၊ Spoofer များအပြင် လက်နက်ငယ်များဖြင့်ပါ တန်ပြန်ပစ်ခတ်ခဲ့သော်လည်း ပစ်မှတ်တည်နေရာများကို တိတိကျကျ တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်း သိရှိရသည်။
“နေပြည်တော်ကောင်စီနယ်မြေ အဝင်ဂိတ်ကို တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ သေချာပေါက် သေဆုံးမှုရှိနိုင်ပါတယ်။ ကျနော်တို့ အတိအကျ သိရဖို့ စုံစမ်းနေပါတယ်။ စစ်ကောင်စီကို ပြောချင်တာက သူတို့ရဲ့ လေကာစနစ်က အလုပ်မဖြစ်ပါဘူး။ ပြည်သူတွေတွေကို အသိပေးချင်တာ စစ်အာဏာရှင်ကို ချေမှုန်းဖို့ မဆုတ်မနစ် ချီတက်နေပါတယ်လို့ ပြောချင်တယ်” ဟု ဝရဇိန်တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စုပေါင်းဂိတ်သည် ပြည်သူများအပေါ် ငွေကြေးအတင်းအဓမ္မ ကောက်ခံခြင်း၊ ကုန်စည်စီးဆင်းမှုများအပေါ် ဥပဒေမဲ့ ဟန့်တားနှောင့်ယှက်တားဆီးခြင်းများကို ဆိုးရွားစွာပြုလုပ်လျှက်ရှိသော ဂိတ်တစ်ခုဖြစ်ကြောင်း သိရသည်။
ထို စစ်ဆင်ရေးကို ဝရဇိန်တပ်ဖွဲ့နှင့်အတူ ဇာမဏီ တပ်ဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မြေပြင်ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။