KNU တပ်မဟာ ၅ နယ်မြေရှိ စစ်တပ်၏ ကော်သွေးကျို့ စခန်း အပါအဝင် စစ်စခန်း ၂ ခု ကို တိုက်ခိုက်သိမ်းပိုက်မှု တပ်ရင်းမှူး အပါအဝင် ၄၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိ

KNU တပ်မဟာ ၅ နယ်မြေရှိ စစ်တပ်၏ ကော်သွေးကျို့ စခန်း အပါအဝင် စစ်စခန်း ၂ ခု ကို တိုက်ခိုက်သိမ်းပိုက်မှု တပ်ရင်းမှူး အပါအဝင် ၄၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိ
ရန်ကုန်၊ မတ် ၂၂

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေရှိ စစ်တပ်၏ ကော်သွေးကျို့ စခန်း အပါအဝင် စစ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်တပ်ဘက်မှ တပ်ရင်းမှူး အပါအဝင် ၄၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိကြောင်း KNU မူတြော်၏ သတင်းထုတ်ပြန်ချက်နှင့် KNU ရှေ့တန်းသတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရှိရသည်။
မတ်လလယ်ပိုင်းမှစတင်ပြီး KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်အတွင်း ကျူးကျော် ဝင်ရောက်တပ်စွဲထားသော ကော်သွေးကျိုးစခန်းနှင့် ကဘောတူစခန်းတို့ကို KNLA ၊ PDF မဟာမိတ်ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲများတွင် ကော်သွေးကျိုးစခန်းနှင့် ကဘောတူစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ တပ်ရင်းမှူး အဆင့် အရာရှိ ၁ ဦး အပါအဝင် စစ်သား ၄၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အမြားကို KNLA (တပ်မဟာ ၅) ဘက်က သိမ်းဆည်းရမိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၅ ဦးသေဆုံးခဲ့ပြီး ၃၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU မူတြော်က သတင်းထုတ်ပြန်သည်။
အဆိုပါတိုက်ပွဲအတွင်း စစ်တပ်က အထိနာသဖြင့် တိုက်လေယာဉ်များအသုံးပြုပြီး လေကြောင်းကနေ ၅ ကြိမ် ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၆ ဦး သေဆုံးခဲ့ကြောင်း၊ ဒေသပြည်သူ အရပ်သား ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ ပြည်သူလူထုရဲ့ နေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။
“မတ်လ ၁၇ ရက်နေ့မှာ ကော်သွေးကျိုးစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့ပါတယ်၊လက်နက်ခဲယမ်းတွေရတယ်။ စခတွေလည်းအများကြီး ထွက်ပြေးတယ်။အဲဒါတွေကိုလည်း ရှင်းလင်းနေတယ်။ နောက်ကဘောတူစခန်းကိုလည်း တိုက်ခိုက်နိုင်ခဲ့တယ်။ အခုထက်ထိလည်းတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်။ စစ်ရေးတင်းမာနေတယ်” ဟု KNU ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိ KNU တပ်မဟာ ၅ မူတြော်ခရိုင် နယ်မြေအတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး၊ စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် ဒေသပြည်သူ ထောင်ပေါင်းများစွာ ဘေးလွတ်ရာ တောတောင်များတွင် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။