တစ်နေ့လျှင် ကားစီးရေ ၉၀၀ ကျော်ကို စက်သုံးဆီရောင်းချပေးနေသည့် မြောက်ဒဂုံ ၇/၈ လမ်းဆုံရှိ Terminal ဆီဆိုင် မီးလောင်ပြာကျ၊ ဆီတန်းစီနေသည့် ကားမီးလောင်ရာမှ မီးကူးစက်ခဲ့ဟုဆို
ရန်ကုန်၊ မတ် ၂၂






ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၇/၈ လမ်းဆုံတွင် တစ်နေ့လျှင် ကားစီးရေ ၉၀၀ ကျော်ကို စက်သုံးဆီရောင်းချပေးနေသည့် Terminal ဆီဆိုင် မီးလောင်ပြာကျသွားကြောင်း မီးသတ်ဌာန၏ ထုတ်ပြန်ချက်နှင့်ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။
ယမန်နေ့ ည ၉ နာရီ ၃၉ မိနစ်အချိန်၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၃၈ ရပ်ကွက်၊ ပြည်ထောင်စုလမ်းမပေါ်ရှိ ၇/၈ လမ်းဆုံအနီးရှိ Terminal စက်သုံးဆီအရောင်းဆိုင်တွင် ဆီလာထည့်သည့် ပရိုဘောက်စ် ကားမီးလောင်ကျွမ်းခဲ့ရာမှ မီးကူးစက်ခဲ့ပြီး အခြားဆီလာထည့်သော ကားတချို့မှာလည်း မီးလောင် ပြာကျသွားကြောင်း သိရှိရသည်။
“မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက်အတွင်းမှာ ဆီဆိုင်ကြီးတစ်ခုလုံးမီးလောင်သွားတာ။ မီးလောင်တာ ၁၀ မိနစ်နဲ့ ၁၅ မိနစ်ပဲ။ ပေါက်ကွဲမှုနဲ့ မီးကူးသွားတာ။ ဖြစ်တာကတော့ ဆီလာထည့်တဲ့ ကားက မီးစလောင်တာ။ ပရိုဘောက်စ်ကားလို့ ပြောတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဆီဆိုင်မီးလောင်မှုကြောင့် ဆီဆိုင်ပတ်ဝန်းကျင်ရှိ G&G စတိုးဆိုင်နှင့် လမ်းဆုံမီးပွိုင့်များပါ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ယမန်နေ့ ည ၁၀ နာရီဝန်းကျင်အချိန် မီးအပြီးသတ်ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။
မျက်မြင်တွေ့ရှိသူတစ်ဦးက “၉ နာရီ ၂၉ မိနစ်လောက်မှာ ပထမဆုံး ပေါက်ကွဲသံ အကျယ်ကြီး ကြားရတယ်။ နောက်ထပ် သေးသေးလေးတွေ ဆက်ပေါက်ပြီး မီးက အရမ်းပြင်းသွားတာ။ လမ်းဆုံက မီးပွိုင့်တောင် ပျက်စီးသွားတယ်။ ၁၀ မိနစ်ဆိုတဲ့ အချိန်လေးအတွင်းမှာပဲ ဆီဆိုင်ရော ကားတွေပါ အကုန်ကုန်သွားတာ” ဟု ပြောဆိုသည်။
အဆိုပါ ဆီဆိုင် မီးလောင်မှုအတွင်း ဒဏ်ရာရရှိသူအချို့ရှိပြီး လူနာတင်ယာဉ် များဖြင့် သယ်ဆောင်သွားခဲ့ကြောင်း၊ လက်ရှိမြန်မာနိုင်ငံ၌ စက်သုံးဆီအခက်အခဲကြောင့် ဆီဆိုင်များတွင် ယာဉ်များ ညအိပ်တန်းစီနေရသည့် အချိန်၌ ယခုကဲ့သို့ မီးဘေးအန္တရာယ် ဖြစ်ပွားခဲ့ခြင်းမှာ ပြည်သူများအတွက် စိုးရိမ်စရာ ဖြစ်လာနေသည်ဟု ဒေသပြည်သူများက ဆိုသည်။
မီးလောင်ပျက်စီးသွားသော အဆိုပါ ဆီဆိုင်မှာ တစ်နေ့လျှင် ယာဉ်စီးရေ ၉၀၀ ကို စက်သုံးဆီများ ရောင်းချပေးနေသော ဆီဆိုင်ဖြစ်ကြောင်း အဆိုပါ ဆီဆိုင်မှ တာဝန်ကျဝန်ထမ်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။