ရန်ကုန်မှာ ရပ်ကွက်တစ်ခု လူ ၁၀ဦး ပေါ်တာဆွဲပေးဖို့ အုပ်ချုပ်ရေးမှူးတွေကို စစ်တပ်ခိုင်း

ရန်ကုန်မှာ ရပ်ကွက်တစ်ခု လူ ၁၀ဦး ပေါ်တာဆွဲပေးဖို့ အုပ်ချုပ်ရေးမှူးတွေကို စစ်တပ်ခိုင်း
မတ်-၂၀၊၂၀၂၆။တာရာ/People’s Spring
ရန်ကုန်မြို့မှာ စစ်တပ်က ရပ်ကွက်တစ်ခုကို လူ ၁၀ ဦး ပေါ်တာဆွဲခေါ်ဆောင်ပေးဖို့ အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားထားတယ်လို့ အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။
တစ်ရက်ကို ဆယ်ယောက်ဆွဲခိုင်း​နေတယ်။ နေအိမ်​တွေကို လူစာရင်းတွေလိုက်တောင်းနေတယ်”လို့ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။
အဲဒီအတိုင်းလိုက်နာနိုင်အောင် ရပ်ကွက်အလိုက် လူဦးရေစာရင်းတွေ ပြန်စစ်ပြီး သတ်မှတ်ဦးရေ ပြည့်မီအောင် စုဆောင်းဆောင်ရွက်ဖို့လည်း ညွှန်ကြားထားတယ်လို့ ပြောပါတယ်။
ဒီလိုညွှန်ကြားချက်တွေကြောင့် လူငယ်တွေအနေနဲ့ ရပ်ကွက်တွေထဲမှာ သတိထားသွားလာဖို့ ရပ်ကွက်နေပြည်သူတွေက အချင်းချင်း သတိပေးမှုတွေရှိနေပါတယ်။
” ရပ်ကွက်တစ်ခုကို ၁၀ ယောက်နှုန်းဆိုရင် လူတွေမနည်းဘူး။ ဒါကြောင့် ကိုယ်နဲ့နီးစပ်တဲ့ကလေးတွေကို အပြင်သိပ်မထွက်ဖို့ သတိထားဖို့ ပြောရတယ်။ ည ၉ နာရီလောက်ဆိုရပ်ကွက်က လူသိပ်မရှိတော့ဘူး။ ဒီကောင်တွေက ကားတွေနဲ့ပတ်နေပြီ”လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။
အုပ်ချုပ်ရေးမှူးတွေဘက်ကတော့ သတ်မှတ်ထားတဲ့ လူဦးရေ ပြည့်မီစေဖို့အတွက် အမြန်ဆုံးစုဆောင်းပို့ဆောင်ရမယ်ဆိုတဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်နေကြတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေဟာ အရပ်ဝတ်လဲပြီး အိမ်စီးကားတွေနဲ့ လူငယ်တွေကို ပစ်မှတ်ထားဖမ်းဆီးပြီး ခြိမ်းခြောက်ငွေညှစ်တာတွေရှိတယ်လို့ သိရပါတယ်။
လက်တလော ရန်ကုန်မြို့မှာ နေ့စဉ် လူငယ်တွေ ၁၀ဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
စစ်မှူထမ်းအပတ်စဉ် တစ်ခုမှာ လူဦးရေငါးထောင်ခေါ်ယူမယ်လို့ ကြေညာထားရာ ဖေဖော်ဝါရီမှာ စစ်မှုထမ်း အပတ်စဉ် (၂၂)ရောက်ရှိ ခေါ်ယူနေပါတယ်။
စစ်တပ်ရဲ့စစ်မှုထမ်းခေါ်ဆောင်တာကို ငွေပေးပြီးရှောင်ရှားသူများပြားလာတာကြောင့် ငွေလိုသူတွေကိုငွေပေးပြီး အစားထိုးမယ့်သူကို လူကုန်ကူးသလိုဝယ်ယူပြီး လူစားထိုးမှုတွေလည်း များလာပါတယ်။
ငွေပေးဖို့ မတက်နိုင်တဲ့ အခြေခံလူတန်းစားတွေကတော့ စစ်တပ်က အဓမ္မဖိအားပေး စစ်မှုထမ်းခိုင်းတာကို ပေးစရာငွေမရှိတာကြောင့် လိုက်နေကြရပါတယ် ။စစ်တပ်က လစဥ်စစ်မှုထမ်းခေါ်တဲ့အပြင်လူငယ်တွေကိုအကြောင်းပြချက်မျိုးစုံ နဲ့ ပေါ်တာဆွဲတာတွေကိုလည်း စစ်တပ်ထိန်းချုပ်ထားတဲ့ဒေသတွေမှာဖြစ်နေပါတယ်။
စစ်တပ်ကလူငယ်တွေကို စစ်သင်တန်းပို့ပြီး ရှေ့တန်းကိုစေလွှတ်စစ်တိုက်ခိုင်းတာကြောင့်သေဆုံးဒဏ်ရာရသူ ၊ထွက်ပြေးသူ ၊တော်လှန်ရေးတပ်တွေထံအလင်းဝင်သူ ၊လက်နက်ချသူ အများအပြားလည်းရှိနေပါတယ်။နိုင်ငံ့ရဲ့ဒေသအများစုမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် စစ်တပ်ကစစ်သားသစ်တွေကို ဆက်တိုက်ခေါ်ယူနေတာဖြစ်ပါတယ်။
(ရန်ကုန်မြို့၊ ဗဟိုဘဏ်ရှေ့ ဆန္ဒပြသူများအနီး တွေ့ရသော တပ်မ(၇၇)မှ စစ်သားများကို ၂၀၂၁ ဖေဖော်ဝါရီ ၁၅ က တွေ့ရစဉ်။ ဓာတ်ပုံ-EPA)