ငွေလိမ်ဂိုဏ်းများကို နိုင်ငံထဲထိ ဝင်ရောက်ဖြိုခွင်းမည်ဟု FBI ပြော
ဧရာဝတီ၊ မတ် ၁၈၊ ၂၀၂၆




တရုတ်ကွန်မြူနစ်ပါတီ (CCP)၏ နောက်ကွယ်ပံ့ပိုးမှုဖြင့် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထား လိမ်လည်နေသော အွန်လိုင်းငွေလိမ်လုပ်ငန်း (Scam Center) အများစုသည် ကမ္ဘောဒီးယား၊ မြန်မာနှင့် ထိုင်းနယ်စပ်တလျောက် အများစု တည်ရှိနေပြီး အဆိုပါနိုင်ငံများထဲထိ ဝင်ရောက်ဖြိုခွင်းသွားမည်ဖြစ်ကြောင်း အမေရိကန် အစိုးရ ဖက်ဒရယ် စုံစမ်း စစ်ဆေးရေး ဗျူရို (FBI) ညွန်ကြားရေးမှူး Mr. Kash Patel က ယမန်နေ့၌ ပြောသည်။
အီရန်စစ်ပွဲ အရှိန်မြင့်တက်လာနေချိန် အမေရိကန်ထိပ်တန်းထောက်လှမ်းရေးအရာရှိများသည် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုများနှင့်ပတ်သက်၍ ယမန်နေ့က အထက်လွှတ်တော်တွင် သက်သေထွက်ဆိုရာ၌ ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
FBI သည် အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ ဦးစားပေးအဆင့်မြင့် စစ်ဆင်ရေးတခုကို လုပ်ဆောင်နေပြီး လိမ်လည်ခံရသူများအတွက် ပြည်တွင်း ရာဇဝတ်မှုတိုင်ကြားရေးဗဟိုဌာနတခုကို ဖွဲ့စည်းထားကြောင်း ၎င်းက ဆိုသည်။
“ကျနော်တို့ အဲဒီနိုင်ငံတွေက အာဏာပိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ပြီးပါပြီ။ အဲဒီစခန်းတွေကို ပိတ်ပစ်နိုင်ဖို့အတွက် သက်ဆိုင်ရာအစိုးရတွေနဲ့ ပူးပေါင်းပြီး အင်တာနက်ဖြတ်တောက်ဖို့ လုပ်ဆောင်ခဲ့ပါတယ်”ဟု ပြောသည်။
အဆိုပါ အွန်လိုင်းလိမ်လည်မှုစင်တာများသည် ကြီးမားသော အဆောက်အအုံဝင်းကြီးများ ဖြစ်ပြီး အချို့နေရာများ၌ တည်ဆောက်နေဆဲဖြစ်ကြောင်း၊ ထိုဂိုဏ်းများသည် အရှေ့တောင်အာရှမှနေ၍ အမေရိကန်နိုင်ငံသားနှင့် သက်ကြီးရွယ်အိုများထံမှ ငွေကြေးလိမ်လည်အမြတ်ထုတ်နေကြကြောင်း ၎င်းက ပြောသည်။
“ကျနော်တို့ ဆက်လုပ်မယ့်အရာကတော့ အဲဒီနိုင်ငံတွေထဲအထိသွားပြီး ငွေလိမ်ဂိုဏ်းစခန်း တခုမကျန် အားလုံးကို အပြီးတိုင် ပိတ်ပစ်ဖို့ပါပဲ။ သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ရပ်တန့်အောင် လုပ်နေပါတယ်”ဟု ၎င်းက ဆိုသည်။
FBI သည် အရှေ့တောင်အာရှရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှိမ်နှင်းရန် ဘန်ကောက်အခြေစိုက်ရုံးထိုင်နေပြီး ထိုင်းတော်ဝင်ရဲတပ်ဖွဲ့အပြင် ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းတွေနှင့်ပါ လက်တွဲဆောင်ရွက်လျက်ရှိကြောင်း၊ မတ်လဆန်းပိုင်း၌ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဘက်မှ မြန်မာဘက်ခြမ်းရှိ ကျားဖြန့်အဆောက်အအုံများအား မှန်ဘီလူးဖြင့် ကြည့်နေသည့်ဓာတ်ပုံများ ထုတ်ပြန်ခဲ့သည်။
ပုံစာ-ထိုင်း မဲဆောက်ဘက်မှ မြန်မာဘက်ခြမ်းရှိ ကျားဖြန့်အဆောက်အအုံများအား မှန်ဘီလူးဖြင့် ကြည့်နေသည့်FBI များနှင့် KK Park ဝင်းရှိကျားဖြန့် အဆောက်အဦများ