တရုတ် ခရီးစဉ်ကို ထရမ့် ရက်ရွှေ့ဖွယ်ရှိနေ
အီရန်စစ်ပွဲကြောင့် သူ့ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်ကို တစ်လလောက် နောက်ဆုတ်ဖို့ စဉ်းစားနေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။
မူလတုန်းက ထရမ့်ဟာ ဘေဂျင်းကို မတ်လ ၃၁ ရက်နေ့မှာ သွားရောက်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲကြောင့် အဲဒီခရီးစဉ်ကို နောက်ဆုတ်ဖွယ် ရှိနေတယ်လို့ သူက မတ်လ ၁၆ ရက်နေ့မှာ ထုတ်ပြောလာခဲ့ပါတယ်။
အီရန်စစ်ပွဲဟာ အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒနဲ့ အစီအမံတွေ တော်တော်များများအပေါ် သက်ရောက်မှုတွေ ရှိစေခဲ့ပါတယ်။
မတ်လ ၁၆ ရက်နေ့က အိမ်ဖြူတော်မှာ သတင်းထောက်တွေက ထရမ့်ကို တရုတ်ခရီးစဉ်နဲ့ ပတ်သက်ပြီး မေးမြန်းကြတဲ့အခါ သူက စစ်ပွဲကြောင့် သူဟာ အမေရိကန်မှာပဲ ရှိနေချင်ကြောင်း၊ အမေရိကန်မှာ ဆက်ရှိနေဖို့လည်း လိုအပ်တယ်လို့ သူခံစားမိကြောင်း၊ ဒါကြောင့် တစ်လလောက် ခရီးစဉ် ရွှေ့ဆိုင်းပြီး နောက်ဆုတ်စေတာမျိုး အမေရိကန်ဖက်က တောင်းဆိုထားကြောင်း ပြန်ဖြေခဲ့ပါတယ်။
ထရမ့်က သူဟာ တရုတ်အစိုးရနဲ့ အင်မတန် ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ရှိနေပြီး ပြိုင်ဘက် စူပါပါဝါ နိုင်ငံမို့လို့ နိုင်ငံရေး ကစားကွက်တွေ ဖန်တီးနေတာ မဟုတ်ကြောင်းလည်း ဆိုပါတယ်။
ဒီကိစ္စမှာ ဘာလှည့်ကွက်မှ မပါကြောင်း၊ အခြေအနေက အရမ်းရိုးရှင်းကြောင်း၊ အမေရိကန်ဟာ စစ်ပွဲတစ်ခုကို တိုက်ခိုက်နေတာဖြစ်ပြီး သူက အမေရိကန်မှာ ရှိနေဖို့ လိုအပ်ကြောင်း ထရမ့်က ဆက်ပြောပါတယ်။
ဝါရှင်တန် ဒီစီမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံဆိုင်ရာ တရုတ်သံရုံးကတော့ ထရမ့်ရဲ့ စကားနဲ့ပတ်သက်လို့ ဘာတုံ့ပြန်မှတ်ချက်မှ မပေးသေးပါဘူး။ မတ်လ ၁၆ ရက်နေ့ အစောပိုင်းမှာတော့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိက ထရမ့်ရဲ့ ဘေဂျင်းခရီးစဉ်အတွက် ညှိနှိုင်းမှုတွေကို ပုံမှန်အတိုင်း ဆက်လက် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။
ထရမ့်ရဲ့ မူလရည်ရွယ်ထားတဲ့ တရုတ် ခရီးစဉ်ဟာ မတ်လ ၃၁ ရက်ကနေ ဧပြီ ၂ ရက်နေ့ထိ ရက်သတ်မှတ်ထားတာပါ။ သူဟာ အိမ်ရှင်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံတဲ့အခါ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ ဆက်ဆံရေး၊ ထိုင်ဝမ်ကိစ္စစတဲ့ အရေးကြီး အကြောင်းအရာတွေကို ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ အခုလိုမျိုး ရက်ရွှေ့ဖို့ စီစဉ်လာခြင်းက ထရမ့်အနေနဲ့ အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လောက် အလေးထားနေသလဲ ဆိုတာကို ပိုပြီး မြင်သာလာစေခဲ့ပါတယ်။
ထရမ့်ဟာ စစ်ပွဲကြောင့် အီရန်က ဟောမုဇ် ရေလက်ကြားကို ပိတ်ဆို့ထားတာကို ပြန်ဖွင့်နိုင်အောင် ဖိအားပေးဖို့ တရုတ်ကိုလည်း အကူအညီ တောင်းခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်ဖက်ကတော့ ထရမ့်ရဲ့ တောင်းဆိုချက်ကို လိုက်လျောမယ့် ကတိမျိုး ပေးမထားသေးပါဘူး။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်ကတော့ သမ္မတဟာ တရုတ်ကို သွားရောက်ဖို့ အမှန်တကယ် ဆန္ဒပြင်းပြနေတာလို့ ပြောပါတယ်။ ရက်အပြောင်းအလဲတော့ ရှိကောင်း ရှိသွားနိုင်ကြောင်း၊ နိုင်ငံရဲ့ ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့ သမ္မတ ထရမ့်ရဲ့ လက်ရှိ နံပါတ်တစ် ဦးစားပေး ကိစ္စဟာ အီရန်မှာ ဆင်နွှဲနေတဲ့ Epic Fury စစ်ဆင်ရေး အောင်မြင်ဖို့ ဖြစ်ကြောင်း လီယာဗစ်က ပြောဆိုသွားခဲ့ပါတယ်။
ကိုးကား: Reuters
ဓာတ်ပုံ – Reuters
#ထရမ့်