ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အတွင်းရှိ ရွှေတူးနေသည့် ဖောင်များကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ပစ်ခတ်ဗုံးကျဲမှု သေဆုံးသူအရေအတွက် များပြား

ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အတွင်းရှိ ရွှေတူးနေသည့် ဖောင်များကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ပစ်ခတ်ဗုံးကျဲမှု သေဆုံးသူအရေအတွက် များပြား
ရန်ကုန်၊ မတ် ၁၆

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အတွင်းရှိ ရွှေတူးနေသည့် ဖောင်များကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ပစ်ခတ်ဗုံးကျဲမှု သေဆုံးသူအရေအတွက် များပြားကြောင်း ဒေသသတင်းရင်းမြစ် Infinity Group၏ သတင်းဖော်ပြချက်နှင့် ရွှေမျှောဖောင်များတွင် အလုပ်လုပ်နေသည့် အလုပ်သမားတချို့၏ ပြောဆိုချက်များအရ သိရှိရသည်။
ယမန်နေ့ မတ်လ ၁၅ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် အကြမ်းဖက်စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်၊ ကောလင်းနယ်ဘက်အခြမ်းရှိ ရွှေမျှောဖောင်များကို လေယာဉ်များဖြင့် ဗုံးကျဲခြင်း၊ လေယာဉ်ပေါ်မှ စက် သေနတ်များဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ရွှေမျှောဖောင်များ မီးလောင်ကျွမ်းပြီး အလုပ်သမား အများအပြား သေဆုံးကြောင်း၊ ဒဏ်ရာရရှိသူလည်းများပြားပြီး သေဆုံးသူအရေအတွက် မည်မျှရှိသည်ကို မသိရှိရသေးကြောင်း ဒေသ အလုပ်သမားများက ပြောဆိုသည်။
“အဓိက ဗုံးကျဲပြီး စက်သေနတ်နဲ့ပစ်သွားတာက သဖန်းဆိပ်ဆည်အတွင်း ကောလင်းနယ်ဘက်အခြမ်းမှာရှိတဲ့ ရွှေမျှောဖောင်တွေကို ဦးတည်ပြီး ပစ်ခတ်တိုက်ခိုက်တာပါ။ အလုပ်သမား တော်တော်များများသေကြပါတယ်။ လုပ်ငန်းခွင်ပစ္စည်းများလည်းဆုံးရှုံးမှုအတော်များပါတယ်။ ပစ္စည်းဆုံးရှုံးတာက ပြဿနာမရှိပါဘူး။ အလုပ်သမားတွေ သေတာတော်ဆိုးတယ်။ အခု အလောင်း တွေကို ရေထဲက ဆယ်ပြီး သုံးဘီးဆိုင်ကယ်တွေနဲ့တင်ကောက်နေရတယ်။ လေယာဉ်နဲ့ လာပစ်တဲ့အချိန်က ရွှေမျှောဖောင် တွေမှာ လူတွေ အုပ်လိုက်ကြီး စည်နေတဲ့အချိန် ။ အဲဒီအချိန်မှာ လာရောက်ပစ်ခတ်သွားတာဖြစ်ပါတယ်။ သေတဲ့ အလုပ်သမားတွေကလည်း အဝေးကနေ လာပြီး အလုပ်လုပ်ကြတဲ့သူတွေပါ။ မိသားစုတွေလည်း သိကြမှာ မဟုတ်ဘူး” ဟု ရွှေမျှောဖောင်တွင် အလုပ်လုပ်နေသော အလုပ်သမားတစ်ဦးက ရှင်းပြသည်။
ဒေသသတင်းရင်းမြစ်ဖြစ်သော Infinity Group ကမူ ဟုမ္မလင်းလေတပ်မှ တက်လာသော တိုက်လေယာဉ်၂ စီးက သဖန်းဆိပ်ဆည်အတွင်းရှိ ကောလင်းနယ်၊ ဂေါင်းဖြူဝန်းကျင်မှ ရေဖောင်များကို ပစ်ခတ်ခဲ့ကြောင်း၊ ရွှေမှော်လုပ်ငန်းခွင်အတွင်း လူစည်ကားနေသည့် အချိန်ဖြစ်သောကြောင့် အပြစ်မဲ့ပြည်သူ အမြောက်အမြား သေဆုံးခဲ့ရပြီး သေဆုံးသူများ၏ ရုပ်အလောင်းများကို သုံးဘီးဆိုင်ကယ်များဖြင့် အစီအရီ တင်ဆောင်ခဲ့ရကြောင်း၊ ရေထဲသို့ ကျသွားသူများလည်း ရှိနေသည့်အတွက် လက်ရှိအချိန်အထိ အလောင်း ၃ လောင်းသာ ဆယ်ယူရရှိသေးကြောင်း သတင်းဖော်ပြထားသည်။
ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အတွင်းရှိ ရေဖောင်များမှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း စစ်တပ်၏ လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်ခံခဲ့ရဖူးကြောင်း သိရှိရသည်။
ဓာတ်ပုံ- Infinity Group။