MNDAA နှင့်ဖြစ်ပွားသော ပဋိပက္ခကို တွေ့ဆုံဆွေးနွေးညှိနှိုင်းမည်ဟု TNLA က ကြေညာပြီး တရုတ်နိုင်ငံကို ကြားဝင်ဖြန်ဖြေပေးရန် အကူအညီတောင်းခံ

MNDAA နှင့်ဖြစ်ပွားသော ပဋိပက္ခကို တွေ့ဆုံဆွေးနွေးညှိနှိုင်းမည်ဟု TNLA က ကြေညာပြီး တရုတ်နိုင်ငံကို ကြားဝင်ဖြန်ဖြေပေးရန် အကူအညီတောင်းခံ
ရန်ကုန်၊ မတ် ၁၅
မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်ကြသည့် တအာင်းတပ်မတော် (PSLF/TNLA) နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့အကြား ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးတင်းမာမှုများ မြင့်တက်လာပြီး တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေရာ ယင်းပဋိပက္ခကို ဖြေရှင်းရန် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကို TNLA က တရားဝင်တောင်းခံလိုက်ကြောင်း သိရသည်။
ယမန်နေ့ မတ်လ ၁၄ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်မှ စတင်ကာ ကွတ်ခိုင်ဒေသတစ်ဝိုက်ရှိ TNLA တပ်စခန်းများကို MNDAA ဘက်မှ တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ၊ ကွတ်ခိုင်မြို့နယ်အတွင်း မန်ပြိန်း၊ ကောင်းခါး၊ ဗျူဟာတပ်ကုန်း၊ ရှုခင်းသာ (ကာကင်းကုန်း) နှင့် လှိုင်ဆစ်ဆစ်တောင်ကုန်းစခန်းများကို လက်နက်ကြီး၊ လက်နက်ငယ်များအပြင် Drone ဗုံးသီးများဖြင့်ပါ MNDAA က တိုက်ခိုက်ခဲ့ကြောင်း TNLA က ပြောသည်။
ယင်းအပြင် TNLA ကျေးရွာတပ်စခန်းများရှိနေသော မုံစီး၊ မုံဟူမန်၊ ရှောက်ပတ်၊ လွယ်ကန် နှင့် မန်ဂျယ်တပ်စခန်းများကိုလည်း Drone များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊နမ့်ဖတ်ကာရွာရှိ တပ်စခန်းအနီး ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အရပ်သားနေအိမ်တစ်လုံး ပျက်စီးပြီး ပြည်သူတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ယင်းအပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်ဒေသနှင့် ကျင်စန်းကျော့ဂိတ်တို့တွင် တာဝန်ကျနေသည့် TNLA တပ်ဖွဲ့ဝင် ၄၇ ဦးကို ဖမ်းဆီးပြီး လက်နက် ၄၈ လက်ကို သိမ်းဆည်းခဲ့ကြောင်း၊ အလားတူ မတ်လ ၂ ရက်နေ့က နမ့်ဟူးကြီးနှင့် လွယ်ကန်ကြားတွင် ကျည် ၃၀ ခန့်ဖြင့်လည်းကောင်း၊ မတ်လ ၄ ရက်နေ့က မော်ဟန်ရွာအနီးတွင် ကျည် ၃ တောင့်ဖြင့်လည်းကောင်း MNDAA ဘက်က လာရောက်ပစ်ခတ်ခဲ့သော်လည်း TNLA ဘက်မှ ပြန်လည်ပစ်ခတ်ခြင်း မပြုခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ကွတ်ခိုင်မြို့ပေါ်တွင် MNDAA ၏ CCTV များ တပ်ဆင်မှုကို TNLA က ဖယ်ရှားခဲ့သော်လည်း ယင်းပစ္စည်းများကို MNDAA ထံ ကောင်းမွန်စွာ ပြန်လည်အပ်နှံပြီးဖြစ်ကြောင်း၊ ထိုနေ့နောက်ပိုင်းမှ ယနေ့အထိ TNLA ဘက်မှ မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ခဲ့ကြောင်း TNLA က ဆိုသည်။
အခြားတစ်ဖက်တွင်လည်း ကွတ်ခိုင်-သိန္နီအစပ်နှင့် မိုင်းယောင်းဒေသရှိ TNLA တပ်ဖွဲ့ဝင် ၆၇ ဦးကို MNDAA က သံဆူးချွန်တပ် တုတ်များဖြင့် ဖမ်းဆီးရိုက်နှက်ပြီး လက်နက် ၅၃ လက်ကို သိမ်းဆည်းခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း သိရှိရသည်။
TNLA ၏ ထုတ်ပြန်ချက်အရ ၎င်းတို့အနေဖြင့် မဟာမိတ်အချင်းချင်းကြား ပဋိပက္ခမဖြစ်လိုသဖြင့် ယနေ့အထိ အတတ်နိုင်ဆုံး ထိန်းသိမ်းခဲ့ကြောင်း၊ မတ်လ ၂ ရက်နေ့နှင့် ၄ ရက်နေ့များတွင် MNDAA ဘက်မှ စတင်ပစ်ခတ်မှုများရှိခဲ့သော်လည်း ပြန်လည်ချေပခြင်းမပြုခဲ့ကြောင်း၊ သို့သော် မတ်လ ၁၄ ရက်နေ့ MNDAA က တပ်စခန်းများအတွင်းသို့ ထိုးစစ်ဆင်ဝင်ရောက်လာသည့်အတွက် မိမိကိုယ်ကိုခုခံသည့်အနေဖြင့်သာ အနည်းငယ် ပြန်လည်ပစ်ခတ်ခဲ့ရကြောင်း သိရှိရသည်။
ယခုဖြစ်ပွားနေသော ပဋိပက္ခကို ဖြေရှင်းရန်အတွက် TNLA ဗဟိုအလုပ်အမှုဆောင်ကော်မတီက မတ်လ ၁၆ ရက်နေ့ တရုတ်နိုင်ငံ၊ နယ်စပ်ရေးရာရုံးသို့ စာပေးပို့ခဲပြီး တိုက်ပွဲများရပ်တန့်ရန်အတွက် ကြားဝင်စေ့စပ်ပေးပါရန် အထူးမေတ္တာရပ်ခံထားကြောင်း သိရှိရသည်။
TNLA က ကွတ်ခိုင်မြို့ပေါ် ရပ်ကွက်အချို့နှင့် အခြားနယ်မြေအချို့ကို ပေးအပ်၍ စစ်ပွဲရပ်တန့်မည်ဆိုပါက လွှဲအပ်ရန် သဘောထားများရှိနေကြောင်း၊ သွေးထွက်သံယိုမှုရပ်တန့်ရေးအတွက် နယ်မြေလိုက်လျောရန်အထိ ပြင်ဆင်ထားကြောင်း စုံစမ်းသိရှိရသည်။
လက်ရှိတွင် TNLA အနေဖြင့် ပြဿနာများကို “မိတ်ဖက်ပြဿနာ” အဖြစ်သာ သတ်မှတ်ထားပြီး တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင့်သာ အဖြေရှာသွားရန် ဆန္ဒရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။
ယမန်နေ့ မတ်လ ၁၄ ရက်နေ့မှစတင်ခဲ့သော ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲများမှာ မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင်လည်း ကွတ်ခိုင်မြို့ပေါ်ရှိ ရပ်ကွက်များအတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ဒေသပြည်သူများထံမှ သိရသည်။
ယနေ့ နံနက် ၅ နာရီအချိန်ခန့်မှ စတင်ကာ MNDAA က ဒရုန်းများဖြင့် ကင်းထောက်၍ ဗုံး ၄ လုံးမှ ၆ လုံးခန့်အထိ ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်အထိ ရပ်ကွက် ၅ နှင့် ရပ်ကွက် ၈ ဝန်းကျင်တို့တွင် လက်နက်ငယ်ပစ်ခတ်သံများ အဆက်မပြတ် ကြားနေရဆဲဖြစ်ကြောင်း သိရှိရသည်။
ကွတ်ခိုင် မြို့တွင်းတိုက်ပွဲများ အခြေအနေ မတည်ငြိမ်သေးသည့်အတွက် အရပ်သားပြည်သူများမှာ အပြင်သို့ ထွက်ခွာနိုင်ခြင်းမရှိဘဲ မိမိတို့နေအိမ်အတွင်းရှိ လုံခြုံသော ကျည်ကွယ်မျက်ကွယ်နေရာများ၌သာ ပုန်းအောင်းနေထိုင်နေကြရသည့် အခြေအနေဖြစ်ကြောင်း သိရှိရသည်။