🟢တရုတ်ရဲ့အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရွှီကျွင်း နေပြည်တော်ကို ရောက်ချိန် ကိုးကန့်တပ်က တအာင်းတပ်ကို အချိန်ကိုက် ထိုးစစ်ဆင်တိုက်ခိုက်

🟢တရုတ်ရဲ့အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရွှီကျွင်း နေပြည်တော်ကို ရောက်ချိန် ကိုးကန့်တပ်က တအာင်းတပ်ကို အချိန်ကိုက် ထိုးစစ်ဆင်တိုက်ခိုက်

ရွှေဖီမြေ၊ မတ်လ ၁၄ ရက်

တရုတ်ရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရွှီကျွင်း ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ကို ရောက်နေချိန်မှာပဲ ကိုးကန့်တပ်က တအာင်းတပ်ကို အချိန်ကိုက် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
မနေ့ မတ်လ ၁၃ ရက်မှာ မစ္စတာ တိန့်ရွှီကျွင်းနဲ့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ အပြန်အလှန် အကျိုးဖြစ်စေမဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိုန်အဟုန်မြှင့်တင်ဖို့ နဲ့ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်မယ့်အခြေအနေတွေကို အဓိကဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီတပ်က ထုတ်ပြန်ထားပါတယ်။
အခုလို တရုတ်ကိုယ်စားလှယ်နဲ့ စစ်ကောင်စီတပ်တို့ တွေ့ဆုံနေချိန်မှာပဲ ဒီနေ့ မတ်လ ၁၄ ရက် မနက်မှာ MNDAA က TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ပေါ်က MNDAA တပ်ဆင်ထားတဲ့ CCTV တွေကို TNLA ဘက်က လိုက်လံ ဖြုတ်သိမ်းခဲ့ပြီးနောက် နှစ်ဖက်တပ်အကြား တင်းမာမှုတွေ စဖြစ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း နှစ်ဖက်တပ်အကြား ပဋိပက္ခ ပိုကျယ်ပြန့်လာပြီး တအာင်းတပ်က ကွတ်ခိုင်မြို့ပေါ်ရှိ ကိုးကန့်တပ်ဖွဲ့တွေကို အင်အားသုံး ဖယ်ရှားသလို ကိုးကန့်တပ်ဘက်ကလည်း သိန္နီမြို့နယ် မိုင်းပါးရွာနဲ့ လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်မှာရှိတဲ့ တအာင်းတပ်ဖွဲ့ဝင်တွေကို အင်အားသုံး ဖမ်းဆီးရိုက်နှက်ခဲ့ပါတယ်။
နှစ်ဖက်တပ်အကြား ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေကို ကြားဝင်ဖြေရှင်းပေးဖို့ TNLA ဘက်​က FPNCC နဲ့ တရုတ်ကို စာပို့တောင်းဆိုခဲ့ပေမဲ့ ကိုးကန့်တပ်က လက်မခံတာကြောင့် တစ်လကြာတဲ့အထိ နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိခဲ့ပါဘူး။
ကွတ်ခိုင်မြို့ထဲက MNDAA ရုံးတွေကို အရင်အတိုင်း ဖွင့်ခွင့်ပြုမှ တအာင်းတပ်နဲ့ ဆွေးနွေးမယ်လို့ ကိုးကန့်တပ်ဘက်ကပြောဆိုထားပြီး တအာင်းတပ်ဘက်က လက်ခံတာ မရှိသေးကြောင်း သတင်း ထွက်ပေါ်နေပါတယ်။
လက်ရှိမှာတော့ MNDAA တပ်က အင်အားအလုံးအရင်းနဲ့ ကွတ်ခိုင်မြို့ထဲအထိ ဝင်ရောက်လာပြီး နှစ်ဖက်တပ်အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် နမ့်ဖတ်ကာ၊ တာမိုညဲ နဲ့ မုံးစီးဘက်က TNLA တပ်စခန်းတွေကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့သလို ညီနောင်မဟာမိတ် ၃ ဖွဲ့ ပူးတွဲထိန်းချုပ်ထားတဲ့ မြန်မာ-တရုတ်နယ်စပ် ကျင်စန်းကျော့ဂိတ်မှာလည်း TNLA တပ်သားတွေကို ကိုးကန့်တပ်က အင်အားအများအပြားနဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
#ဓာတ်ပုံ – MOI

🟢ကွတ်ခိုင်မြို့ ဌာနဆိုင်ရာနေရာအားလုံးနီးပါးကို ကိုးကန့်တပ် သိမ်းပိုက်ပြီး ခံစစ်အသင့်ပြင်ထား၊ ကွတ်ခိုင်မြို့အနီး ရွာခံတွေ ဖမ်းဆီးခံရတာတွေ ရှိနေ

မတ်လ ၁၄ရက်၊ ကွတ်ခိုင်
ဒီနေ့ မတ်လ ၁၄ရက်နေ့ မနက် ၁၀နာရီခွဲမှာ ကွတ်ခိုင်မြို့ကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ ကိုးကန့်တပ်ဟာ လက်ရှိ မြို့ပေါ်က ဌာနဆိုင်ရာနေရာအများစုကို သိမ်းပိုက်ထားပြီး ခံစစ်အသင့်ပြန်ပြင်ထားလိုက်ပြီလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
တအာင်းတပ်ဘက်ကတော့ တပ်စခန်းဘက်ကို ပြန်လည်ဆုတ်ခွါသွားပြီး လက်ရှိသတင်းရေးသားနေတဲ့ ၅နာရီခွဲ အချိန်ထိ တိုက်ပွဲအသံအနည်းငယ် ငြိမ်သက်နေပြီး မြို့အပြင်အနီးနားရှိ ကျေးရွာခံတွေလည်း ဖမ်းဆီးထိန်းသိမ်းခံထားရတာ ရှိနေကြောင်း ဒေသခံတွေက ဆိုပါတယ်။
“မနက်ကတည်းက မိသားစုဝင်တွေနဲ့ ဆက်သွယ်တာ ဘယ်လိုမှ ဆက်သွယ်လို့မရဘူး။ ရွာမှာ ရှိနေသူတွေနဲ့ ဆက်သွယ်တာလည်း ဆက်သွယ်လို့မရဘူး။ တစ်ဆင့်စကားတစ်ဆင့် ကြားမိတာက ကိုးကန့်အဖွဲ့တွေက ရွာက ကောင်လေးနှစ်ယောက်ကိုပါ ဆွဲသွားတယ်တဲ့။
အဲထဲမှာ ကျွန်မတို့ရဲ့ တူလေးလည်း ပါသွားတယ် ပြောပါတယ်။ နောက်ဆက်တွဲအခြေအနေ ဘာမှ မသိရ”လို့ ခိုတင်ကျေးရွာခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်”
တိုက်ပွဲအတွင်း မြို့ထဲမှာ မီးလောင်ပျက်စီးတာတွေလည်းရှိပြီး ဒေသခံ ထိခိုက်မှုတော့ မသိရသေးပါဘူး။
ကိုးကန့်တပ်ရဲ့ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ့်ဖက်ကာနဲ့မိုင်းယုလေးရွာခံအချို့ ထိခိုက်ဒဏ်ရာရရှိတာရှိပြီး နေအိမ်တွေလည်း ပျက်စီးခဲ့သလို ရွာ ၃ရွာထက်မနည်းက တောတွေထံ တိမ်းရှောင်နေကြရပါတယ်။
ကိုးကန့်တပ်ကတော့ အခုပစ်ခတ်မှုဟာ TNLAဘက်က စတင်ပစ်ခတ်တာကြောင့် ပြန်လည်ခုခံတာဖြစ်တယ်လို့ ဆိုထားပြီး ဒီကစ္စအတွက် TNLAက ပြန်ပေးဆပ်ရမယ်လို့ ဒီနေ့ နေ့လည်က စာထုတ်ပြန်ထားပါတယ်။
#ဗီဒီယို – Local

🟢TNLAရဲ့ တပ်စခန်း ၅နေရာထက်မနည်းကို တစ်ပြိုင်နက် ထိုးစစ်ဆင်ခဲ့ပေမယ့် TNLA ဘက်က အရင်ပစ်လို့ ပြန်လည်ခုခံခြင်းသာ ဖြစ်တယ်လို့ ကိုးကန့်တပ် ထုတ်ပြန်

ရွှေဖီမြေ၊ မတ်လ ၁၄ ရက်

ဒီနေ့ မတ်လ ၁၄ ရက် မနက်မှာ တအာင်းတပ်ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့အပါအဝင် နမ့်ဖတ်ကာ၊ကျင်စခန်းကျော့၊တာမိုးညဲနဲ့ မုံးစီးရှိ TNLA ရဲ့ တပ်စခန်းတွေကို တစ်ပြိုင်နက်ထဲ ထိုးစစ်ဆင်ခဲ့ပေမယ့် TNLA ဘက်က အရင်ပစ်လို့ ပြန်လည်ခုခံတာဖြစ်တယ်လို့ ကိုးကန့်တပ် ဒီနေ့လည်ပိုင်းမှာ စာထုတ်ပြန်ထားပါတယ်။
ဒီနေ့မနက် ၉ နာရီခွဲ ဝန်းကျင်မှာ ကင်းလှည့်နေတဲ့ MNDAA တပ်ဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ၎င်းတို့က ပြန်လည်ခုခံခဲ့တာဖြစ်တယ်လို့ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်က ကွတ်ခိုင်မြို့ထဲက MNDAA ရဲ့ အုပ်ချုပ်ရေးဌာနတွေကို အကြမ်းဖက်ဝင်ရောက်စီးနင်းတာ၊ သေနတ်ဖောက်ပြီး ခြိမ်းခြောက်တာနဲ့ ၎င်းတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို ရိုက်နှက်တာတွေကြောင့် ၎င်းတို့ရဲ့ တပ်သားတွေ ဒဏ်ရာရခဲ့တာရှိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက် ကွတ်ခိုင်မြို့ထဲက MNDAA ရုံးတွေကို အရင်အတိုင်း ဖွင့်ခွင့်ပြု​မှတွေ့ဆုံဆွေးနွေးမယ်လို့ ​၅ ကြိမ်စာ​ပို့ခဲ့ပေမယ့် TNLA ဘက်က လက်မခံခဲ့ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်မှာလည်း TNLA ဘက်က ၎င်းတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို သိန္နီခရိုင်ထဲကို စေလွှတ်ပြီး နယ်မြေထိန်းချုပ်ဖို့ လုပ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ပေါ်က MNDAA တပ်ဆင်ထားတဲ့ CCTV တွေကို TNLA ဘက်က လိုက်လံ ဖြုတ်သိမ်းခဲ့ပြီးနောက် နှစ်ဖက်တပ်အကြား တင်းမာမှုတွေ စဖြစ်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း နှစ်ဖက်တပ်အကြား ပဋိပက္ခ ပိုကျယ်ပြန့်လာပြီး တအာင်းတပ်က ကွတ်ခိုင်မြို့ပေါ်ရှိ ကိုးကန့်တပ်ဖွဲ့တွေကို အင်အားသုံး ဖယ်ရှားသလို ကိုးကန့်တပ်ဘက်ကလည်း သိန္နီမြို့နယ် မိုင်းပါးရွာနဲ့ လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်နဲ့ မိုင်းယုလေး ငေါငါးရွာအထက်ရှိ TNLA တပ်ဖွဲ့ဝင်တွေကို အင်အားသုံး ဖမ်းဆီးရိုက်နှက်ခဲ့ပါတယ်။
#ဗီဒီယို – Local

🟢ကျေးရွာတွေဘက်ကို MNDAAက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ ထိခိုက်မှုရှိ၊ ကျေးရွာ ၃ရွာထက်မနည်းက ဒေသခံတွေ တောထဲ တိမ်းရှောင်ရ

ဆုမွန်၊ မတ်လ ၁၄ ရက်၊ နမ့်ဖက်ကာ

ကိုးကန့်တပ်-MNDAA ရဲ့ ဒရုန်းပစ်ခတ်မှုကြောင့် ကွတ်ခိုင်မြို့နယ်ထဲက ကျေးရွာ ၃ ရွာ ထက်မနည်းက ဒေသခံတွေ တောထဲထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ မတ်လ ၁၄ ရက်မှာ ကွတ်ခိုင်မြို့နယ် မန်နိမ်းကျေးရွာထဲကို MNDAAတပ်က ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပန်နိမ်ကျေးရွာ၊ ကောင်းခါးကျေးရွာနဲ့ မန်ပြိန်းကျေးရွာက ဒေသခံတွေဟာ တောထဲတစ်နေရာမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ထိခိုက်တယ်လို့ ပြောတာပဲ။ လူထုအနည်းငယ်ထိတယ်။ ပန်လင်ရွာက ဘုန်းကြီးကျောင်းလည်းထိတယ်။ ပန်နိမ်၊ ကောင်းခါး၊ မန်ပြိန်းက ဒေသခံတွေက ကျိုက်ထီးရိုးဘက်မာ တိမ်းရှောင်နေရတယ်”
ဒါ့အပြင် ကွတ်ခိုင်မြို့နယ် မန်ပြိန်း၊ နမ့်ဖလွန်၊ ရှုခင်းသာဘက်တွေမှာ MNDAA တပ်က စတင်ထိုးစစ်ဆင်‌နေတာဖြစ်တယ်လို့ ဆိုပါတယ်။
“အခုရှူခင်းသာမှာ ထိုးစစ်နေတယ်။ မန်လွယ်အထက်က ရှုခင်းသာ။ ခနတုန်းက ကိုးကန့်တွေ TNLA ရဲ့ ရဲစခန်းဝိုင်း‌ထားတယ်။ ရဲစခန်း အပြင်ဖက်မှာ သူတို့အပြည့်ပါပဲ။ သူတို့အပြင်ဘက်မှာ ကိုးကန့်တွေ ဝိုင်းထားနေတော့ အခြေအနေလဲ မသိ‌ရတော့ဘူး”
ဒါ့အပြင် နမ့်ဖတ်‌ကာမြို့အတွင်း MNDAAတပ်က ဒရုန်းနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံ ၃ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ‌နောက်ထပ်အမျိုးသားတစ်ဦးက ပြောပါတယ်။
“နမ့်ဖတ်ကာ နေရာအကုန်လုံးပါပဲ။ သေနတ်တွေရော ပစ်နေကျပြီ။ ကိုးကန့်ဖက်က ဒရုန်းနဲ့ အခုထိ လာချနေတာ အဆက်မပြတ်ပါပဲ။ TNLA ရှိတဲ့နေရာ အကုန်လုံး လာပစ်နေတာ။ရပ်ကွက်၄မှာဆို TNLA ရဲတပ်ဖွဲ တစ်ဦး ဒဏ်ရာရတယ်။ ပြီးတော့ ပြည်သူလူထုတစ်ဦးနဲ့ပေါ့”
ကွတ်ခိုင်မြို့ကို ဒီနေ့ မတ်လ ၁၄ ရက် မနက် ၁၀ နာရီဝန်းကျင်မှာလည်း MNDAA က စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ မြို့ထဲထိဝင်ရောက်လာပြီး ဗျူဟာကုန်းကို ဆက်လက်ထိုးစစ်ဆင်နေပါတယ်။
ဒါ့အပြင် ညီနောင်မဟာမိတ် ၃ဖွဲ့ ပူးတွဲထိန်းချုပ်ထားတဲ့ မြန်မာ-တရုတ်နယ်စပ် ကျင်စန်းကျော့ဂိတ်မှာလည်း တအာင်းတပ်-TNLA တပ်သားတွေကို ကိုးကန့်တပ်က အင်အားအများအပြားနဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
#ဗီဒီယို – Local