ကွတ်ခိုင်မှာ ကိုးကန့်နဲ့ တအာင်း မဟာမိတ်အချင်းချင်း တိုက်ပွဲစဖြစ်
မတ်-၁၄၊၂၀၂၆

ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်နေရာအချို့မှာ ဒီကနေ့မနက်ပိုင်းမှာ တအာင်းတပ်မ
တော်(TNLA)နဲ့ ကိုးကန့်တပ်မတော်(TNLA) မဟာမိတ်အချင်းချင်း တိုက်ပွဲ စတင်နေပြီဖြစ်ကြောင်း ဒေသ စစ်ရေး သတင်းရင်းမြစ်နဲ့ ဒေသခံအချို့ကပြောပါတယ်။
ဖေဖော်ဝါရီ ၁၃ရက်မှာ ကိုးကန့်တပ် MNDAAက ကွတ်ခိုင်မြို့ပေါ်မှာ CCTV တပ်ဆင်မှု နဲ့ပတ်သက်ပြီး TNLA က အင်အားသုံးဖယ်ရှားရာက နှစ်ဖက်တပ်ဖွဲ့ဝင်တွေကြားပြဿနာစဖြစ်ပွားခဲ့ရာ တစ်လကြာတဲ့အထိ နှစ်ဖက် ဖြေရှင်းနိုင်မှု မရှိဘဲမတ်လ ၁၄ရက်မှာ တိုက်ပွဲစဖြစ်လာတာပါ။
“တချို့နေရာမှာ စတိုက်နေပြီ။ ရှုခင်းသာဘက်မျာ မူဆယ်သွားတဲ့ ဘက်မှာ လက်နက်ငယ်တွေနဲ့ စပစ်နေပြီတဲ့”လို့ ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အခြား ဒေသခံတသီးကလည်း “ဒီမနက် ၉နာရီလောက်က စဖြစ်တာ။ ကိုးကန့်ကစချတာ။ အခုထိ ဆူညံနေတယ်”လို့ပြောပါတယ်။
ကွတ်ခိုင်မြို့ထဲနဲ့ နေရာအနှံ့မှာတပ်စွဲထားတဲ့ TNLA တပ်တွေကို MNDAAက တိုက်ခိုက်တာလို့ ဆိုပါတယ်။
MNDAA သတင်းထုတ်ပြန်ရေးအဖွဲ့ထဲက တစ်ဦးကတော့ အိမ်ကြက်အချင်းချင်းခွပ်နေတာအဆင်မပြေကြောင်း ဒီနေ့မနက် ရေးသားထားပါတယ်။
ရှမ်းမြောက် စစ်ရေး နိုင်ငံရေးလေ့လာသူ တဦးကတော့ MNDAAဟာ အင်အားအများအပြားနဲ့
နမ့်ဖက်ကာ၊ ကွတ်ခိုင်လွယ်ဆမ်ဆစ်တောင်ခြေ နွားခြံ၊ ၃၈ မိုင် မန်ပြိန်းရွာတွေမှာ လက်နက်ကြိး၊
ဒရုန်းတွေအများအပြား ပို့ထားတာလို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောပြပါတယ်။
“ကွတ်ခိုင်မြို့နဲ့ နမ့်ဖက်ကာထဲရှိတဲ့ TNLAက ပိတ်
ဆို့ခံထားရတဲ့ အနေအထား။ နမ္မတူနဲ့ နမ့်ဖက်ဘက်က TNLA တက်လာမယ်ဆိုရင်လည်း KIA တပ်
မဟာ(၄) လမ်းကြောင်း မဖွင့်ပေးရင် တက်လာလို့ ရမှာ မဟုတ်ဘူး။ နမ့်ဖက်ကာနဲ့ လွယ်ခန်ကျေးရွာမျာ KIA ဘက်ကလည်း အင်အားဖြည့်စုဆောင်းထားတယ်။ စကစ ဘက်က လားရှိုးကနေ စောင့်ကြည့်နေတဲ့ သဘော”လို့စစ်ရေးနိုင်ငံရေးလေ့
လာသူကပြောပါတယ်။
KIA၊ TNLA၊ MNDAAသုံးဖွဲ့ကိုနယ်မြေပြဿနာ
ဖြစ်အောင် စစ်ကောင်စီက တဖွဲ့ဖွဲ့ကို အားပေး
အားမြောက်လုပ်နေတဲ့ သဘောရှိတယ်လို့လည်း သူက သုံးသပ်ပါတယ်။
“မဟာမိတ်တပ်တွေကြား နယ်မြေကိစ္စရပ်တွေကို စစ်ရေးအရ ဖြေရှင်းရင် သိန္နီ၊ ကွတ်ခိုင်၊ နမ့်ဖက်ကာတွေဟာ စကစ လက်ထဲ ပြန်ကျသွားနိုင်လို့ပါ။ လူမျိုးရေးအစွန်းရောက်မှုနဲ့ ကျဉ်းမြောင်းတဲ့ နိုင်
ငံရေး ခံယူချက်တွေကို ပြုပြင်သင့်ပြီ” လို့လည်း အထက်ပါသတင်းရင်းမြစ်ကသုံးသပ်ပြောကြားပါတယ်။
ဒါ့အပြင်တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ၊အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီးကျွင်း နေပြည်တော်ကိုရောက်ရှိနေချိန်မှာ MNDAA နဲ့ TNLA တို့ အခုလိုတိုက်ပွဲဖြစ်နေတာဖြစ်ပါတယ်။ တရုတ်အစိုးရက မတ်လထဲမှာတရုတ်နိုင်ငံမှာအရေးကြီးအစည်းအဝေးတွေရှိတာကြောင့် နယ်စပ်မှာ တိုက်
ပွဲတွေ မဖြစ်အောင် KIA ကတာဝန်ရှိသူတွေနဲ့ဆွေးနွေးစဥ်မှာတောင် ပြောခဲ့တယ်လို့ သိရပါတယ်။ MNDAA နဲ့ TNLA တို့က တရုတ်အစိုးရရဲ့ကြားဝင်မှု ၊ဖိအားပေးမှုတွေကြောင့် စစ်တပ်နဲ့ဆွေးနွေးပြီး ယာယီအပစ်ရပ်ထားကြတာဖြစ်ပါတယ် ။
(၁၀၂၇ စစ်ဆင်ရေးနဲ့ စစ်တပ်စခန်းတွေ ၊တပ်ရင်းတွေ ၊တပ်ရင်းဌာနချုပ်တွေသိမ်းပိုက်ခဲ့တဲ့ MNDAA နဲ့ TNLA တပ်ဖွဲ့ဝင်တွေ။ဓါတ်ပုံ-The Kokang ၊TNLA)
People’s Spring