ကချင်၊ ချင်း၊စစ်ကိုင်း၊ ရှမ်း၊ ကယား၊ ကရင်တို့တွင် နိုင်ငံရေး အကြောင်းပြ၍ ရွှေ၊ သတ္တု၊ သစ်များ ခိုးထုတ်ပြီး ဂိတ်ဖွင့်၊ လူဖမ်းဆက်ကြေးတောင်းနေဟု မင်းအောင်လှိုင်ပြော
🟥ပညာရေးအားနည်း၍ စဉ်းစားတွေးခေါ်မှု အားနည်းသဖြင့် ဆူပူမှုနှင့် မတည်ငြိမ်မှုများဖြစ်နေဟုဆို
ရန်ကုန်၊ မတ် ၁၃
မြန်မာနိုင်ငံတွင် တည်ငြိမ်မှုမရှိသည့်ကချင်၊ ချင်း၊စစ်ကိုင်း၊ ရှမ်း၊ ကယား၊ ကရင် ပြည်နယ် တို့တွင် နိုင်ငံရေး အကြောင်း ပြ၍ ရွှေ၊ သတ္တု၊ သစ်များခိုးထုတ်နေပြီး ဂိတ်ဖွင့်၊ လူဖမ်းဆက်ကြေးတောင်းနေကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောဆိုသည်။
ယနေ့ နေပြည်တော်တွင် ပြုလုပ်သော မြန်မာ့စာမျက်နှာသစ်ဖိုရမ်တွင် အကြမ်း ဖက် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် တည်ငြိမ်မှု မရှိသည့် ဒေသများမှာ ပညာရေးအားနည်းပြီး စဉ်းစားတွေးခေါ်နိုင်မှု အားနည်းကြောင်း၊ ထို့ကြောင့် ဆူပူမှုများဖြစ်နေခြင်းဖြစ်ကြောင်း၊ အခြားတစ်ဖက်တွင်လည်း နိုင်ငံရေးအကြောင်းပြ၍ စားဝတ်နေရေးအတွက် လုပ်ဆောင်နေကြကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။
“အခု တည်ငြိမ်အေးချမ်း ပျက်ပြားနေတဲ့ တချို့နေရာတွေရှိတယ်။ ပညာရေးအားနည်းတဲ့ ပြည်နယ်/တိုင်းတွေ ပိုဖြစ်တာတွေ့ပါတယ်။ အနောက်ဘက်မှာဆိုရင် ချင်းပြည်နယ်၊ အပေါ်ဘက်ဆိုရင် ကချင် ပြည်နယ် တချို့အစိတ်အပိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်း အဖျားပိုင်းတွေ၊ ရှမ်းပြည်နယ် တချို့အစိတ် အပိုင်း။ ကျနော်ကိုယ်တိုင်လည်း တာဝန်ထမ်းဆောင်ခဲ့တော့ သိပါတယ်။ ဒီနယ်မြေတွေက ။ နောက် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ဒီမှာ ဆူပူမှုတွေ ဖြစ်နေတဲ့ကိစ္စတွေ အဲဒီဒေသတွေအားလုံးက ပညာရေး အားနည်းတဲ့ ဒေသတွေ ဖြစ်နေတယ်ဆိုတာ သွားတွေ့တယ်။ ပညာရေးအားနည်းတဲ့အခါကျတော့ စဉ်းစားတွေးခေါ်နိုင်မှုမှာလည်း အားနည်းချက်တွေရှိလာတယ်။ သူတို့ဘာလုပ်လဲ။ သူတို့ပြောတာတော့ နိုင်ငံရေးပေါ့ဗျာ။ ၂၀၂၁ ခုနှစ် မှာ နိုင်ငံရေးသဘောထားကွဲလွဲလို့ဖြစ်တာတဲ့။ ဒါပေမယ့် နိုင်ငံ ရေး ကအဓိကမဟုတ်ဘူး။ သူတို့ စားဝတ်နေရေးလုပ်နေကြတာ။ ရွှေတွေ ခိုးတူးတယ်။ သတ္တုတွေ ခိုးတူးတယ်။ ကျွန်းတွေ ထုတ်ပြီး ခိုးရောင်းတယ်။ သစ်တွေ ခိုးရောင်းတယ်။ သတ္တုတွေ ခိုးရောင်းတယ်။ ဆက်ကြေးကောက်တယ်။ ဂိတ်တွေဖွင့်တယ်။ ဆက်ကြေးတောင်းတယ်။ လူတွေ ဖမ်းတယ်။ ဆက် ကြေးတောင်းတယ်။ ဒါအမှန်ပဲ။ နိုင်ငံရေးရှိကောင်းရှိနိုင်ပါတယ်။ ကျနော်တို့ မငြင်းပါဘူး”ဟု အကြမ်း ဖက်မင်းအောင်လှိုင်က ဆိုသည်။
ယင်းအပြင် လက်ရှိ တိုင်းပြည်အခြေအနေမှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုကြောင့် နိုင်ငံရေးအကျပ်အတည်းဖြစ်လာခြင်းကြောင့် ဖြစ်ကြောင်း၊ ယင်းအခြေခံအချက်ကို မစဉ်းစားကြကြောင်း သူက ဆက်ပြောသည်။
“နိုင်ငံရေးက ဘာကြောင့် ဖြစ်လဲဆိုတာကိုတော့ စဉ်းစားဖို့လိုတယ်။ တကယ်တော့ မဲမသမာမှုဖြစ်ကြောင့် ဖြစ်လာတဲ့ နိုင်ငံရေး ပြဿနာ။ မဲမသမာမှုကြောင့် ဖြစ်လာတဲ့ နိုင်ငံရေး အကျပ်အတည်းတွေကြောင့် ဒီလိုအခြေအနေ အထိ ရောက်လာတာ” ဟု မင်းအောင်လှိုင်က ဆက်လက်ပြောဆိုသည်။
၂၀၂၅ ခုနှစ်တွင် စစ်တပ်က ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့ပြီး ယင်းရွေးကောက်ပွဲမှာ သန့်ရှင်းမျှတသော ရွေးကောက်ပွဲဖြစ်ပြီး မဲမသမာမှုများမဖြစ်နိုင်စေရန် လုပ်ဆောင်ခဲ့ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသွားသည်။