စသုံးလုံးအရာရှိနဲ့ သားအဖသုံးဦး
ရိုက်သတ်ခဲ့တဲ့ရဲနှစ်ဦး နာရေးယနေ့ပြုလုပ်မည်
မတ်-၁၁၊၂၀၂၆။မိုမို/Peoples Spring

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး)အရာရှိနဲ့ သားအဖသုံးဦး ရိုက်သတ်ခဲ့တဲ့ စစ်ကောင်စီ ရဲနှစ်ဦးကို ယနေ့(မတ်လ ၁၂ရက်)မှာ သင်္ဂြိုလ်မှာဖြစ်ပါတယ်။
အသက်(၂၉)နှစ်အရွယ် စစ်ကောင်စီ ရဲတပ်သား ဝင်းဇော်ဦးနဲ့ အသက်(၃၀)အရွယ် ရဲတပ်သား သန်းအောင်မြင့်ရဲ့ ရုပ်အလောင်းတွေကို ရေဝေးသုဿန်မှာ မီးသင်္ဂြိုလ်မယ်လို့ နာရေးဖိတ်စာမှာဖော်ပြထား ပါတယ်။
မြောက်ဥက္ကလာပမြို့နယ်၊ရွှေပေါက်ကံမြို့သစ်၊(၁၂) ရပ်ကွက်ခွဲ၊ပုဂံလမ်းမကြီး(၁၂)စျေးထိပ်မှာ မတ်လ ၉ ရက် ည ၁၀ နာရီဝန်းကျင်မှာ ကားနဲ့တိုက်ပြီး သံတုတ်နဲ့ရိုက်သတ်ခံခဲ့ရတာ ဖြစ်ပေမယ့် နာရေးဖိတ်စာမှာ ရုတ်တရက်ဘဝတစ်ပါးကို ပြောင်းသွားတယ်လို့ ဖော်ပြထားပါတယ်။
သေဆုံးခဲ့ရတဲ့ဖြစ်စဥ်အရ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး)အရာရှိနဲ့ ရွှေပေါက်ကံမြို့သစ်က လူမိုက်တွေ အချင်းများရာက စတင်ခဲ့တာလို့ ဖြစ်စဉ်ကိုသိတဲ့ ဒေသခံတချို့က လူထုနွေဦးကို ပြောပါတယ်။
မတ်လ ၉ ရက် ည ၁၀နာရီဝန်းကျင်မှာ ရွှေပေါက်ကံမြို့သစ်၊(၁၂)ရပ်ကွက်ခွဲ၊ပုဂံလမ်းမကြီး(၁၂)
စျေးထိပ်မှာ ရွှေပေါက်ကံလူမိုက်အောင်လေးအဖွဲ့ နဲ့ စသုံးလုံး ဒုတိယစုံစမ်းရေးမှူးအေးမင်းတို့ အချင်းများခဲ့တယ်လို့ ဆိုပါတယ်။
“ရွှေပေါက်ကံလူမိုက်အောင်လေးတို့ နဲ့ စရဖ၊စစစ တို့ စကားများငြိရန်ဖြစ်တာကို ကင်းလှည့်ရဲတွေ ဝင် ရှင်းတာကို နယ်ခံရဲနဲ့နယ်ခံလူမိုက် အတူတူပဲဆိုတော့ ဟိုကတကယ် လိုက်တိုက်သတ်တာ။ ဓာတ်တိုင်တွေတောင်လဲတယ်”လို့ ဖြစ်စဥ်ကို သိရှိသူတစ်ဦးက ပြောပါတယ်။
ကနဦး အမှုဖွင့်ထားချက်တွေအရ ကားတစ်စီးလမ်းပေါ်မှာ ကန့်လန့်ဖြတ်ရပ်ထားပြီး အရက်မူးနေတဲ့ယာဥ်မောင်းမြတ်ကိုကိုက လှည့်ကင်းရဲတွေကို ရှင်းပေးဖို့ပြောရာကနေ မြတ်ကိုကိုရဲ့ ဖခင် ဦးကြင်ခရမ်း နဲ့ ညီဖြစ်သူ စသုံးလုံး ဒုတိယစုံစမ်းရေးမှူးအေးမင်းတို့က နောက်ထပ်ကားတစ်စီးနဲ့ ရောက်လာပြီး သံတုတ်တွေနဲ့ ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ရဲတွေက ဒဏ်ရာရသူတွေကို အမှုဖွင့်ဆေးစာယူဖို့ ပြန်ထွက်ချိန် မြတ်ကိုကိုက ကားကိုပြန်ကွေ့ပြီး လှည့်ကင်းက ရဲလေးဦးကို ကားနဲ့ဝင်တိုက်ပြီး သူရဲ့ဖခင်နဲ့ ညီဖြစ်သူ စသုံးလုံးဒုစုံစမ်းရေးမှူးက လဲကျတဲ့ရဲတွေကို သံတုတ်နဲ့ ထပ်မံရိုက်နှိက်ခဲ့တာလို့ သိရပါတယ်။
အဲဒါကြောင့် ရဲနှစ်ဦးသေပြီး နှစ်ဦးဒဏ်ရာရတယ်လို့ ဆိုပါတယ်။
“လူမိုက်တွေထဲမှာ သေတာတော့မရှိဘူး ဒဏ်ရာတွေရတာလည်းမကြားမိဘူး အဓိက ရဲဝင်ရှင်းမှ ရဲနဲ့ဖြစ်သွားတာ။လူများတယ် လူမိုက်တွေက။သူတို့ထဲကတချို့ ရွှေပေါက်ကံ ရဲစခန်းထဲမှာ အချုပ်ထဲထည့်ထားတယ်ပြောတယ်”လို့ ရွှေပေါက်ကံမြို့သစ်မှာနေထိုင်သူတစ်ဦးက ရှင်းပြပါတယ်။ ထပ်မံရရှိတဲ့သတင်းအရ လူမိုက်အချို့ကို ပြန်လွှတ်ပေးလိုက်ပြီး အရင်လို ရက်ကွက်ထဲ မရမ်းကားရဲတော့ပဲ ငြိမ်နေတယ်လို့ဒေသခံအချို့ကပြောပါတယ်။
ရွှေပေါက်ကံလူမိုက် အောင်လေးဟာ ပုဂံလမ်းမကြီးပေါ် ဆင်ဖုံကွေ့မှတ်တိုင်အနီးမှာ “တိုးပွား”အ
မည်နဲ့ဘိလိယက်ခုံ ဖွင့်ထားတယ်လို့ သိရပါတယ်။
လူမိုက်အောင်လေးနဲ့ ရဲသတင်းပေး အောင်ကြီးကို ရွှေပေါက်ကံမြို့သစ်မှာနာမည်ကြီးပြီး စစ်တပ်လက်အောက်ခံအာဏာပိုင်တွေ ၊စစ်တပ်ခန့်ရပ်ကွက်၊မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ပေါင်းပြီး အများပိုင်မြေတွေကို ရောင်းစားတာ ၊ရပ်ကွက်အတွင်းငွေညစ်တာတွေ၊ စစ်တပ်အတွက်သတင်းပေးတာ ၊ မတည့်သူကို ဒလန်ခေါင်းစဥ်တပ်ပြီး သတ်ဖြတ်ခဲ့တာ စတဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို စစ်သား ၊ရဲတွေနဲ့ပေါင်းလုပ်နေတယ်လို့ ဒေသခံတွေက ပြေညပါတယ်။
အမှုဖြစ်စဥ်နဲ့ပတ်သက်လို့ မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းနဲ့ ရွှေပေါက်ကံရဲစခန်းကို ငါးကြိမ်ထက်မနည်း People’s Spring ကဆက်သွယ်ခဲ့ပေမယ့် ဖုန်း လက်ခံဖြေကြားတာ မရှိပါဘူး။
မြတ်ကိုကို၊ စသုံးလုံး ဒုစုံစမ်းရေးမှူးနဲ့ ဖခင်ဖြစ်သူတို့ကို လူသတ်မှုနဲ့ဖမ်းဆီးထားတယ်လို့ စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်တွေမှာ ဖော်ပြထားပါတယ်။