မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင် ပရိတ်သတ်အမျိုးသမီးကို ကိုယ်ထိလက်ရောက်ကျူးလွန်
ကီရာ
မဇ္ဈိမ ။ ။ ရန်ကုန်တိုင်း သန်လျင် သီဟဒီပကွင်း၌ မတ်လ ၁၀ရက်နေ့က ပြုလုပ်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်က ပွဲလာရောက်ကြည့်ရှုသည့် ပရိတ်သတ်အမျိုးသမီးတဦးကို ပွဲကြည့်စင်ပေါ်တက်၍ ကိုယ်ထိလက်ရောက်ကျူးလွန်မှု ဖြစ်ပွားခဲ့ကြောင်း ဘောလုံးအဖွဲ့ချုပ်နှင့် နီးစပ်သူများထံမှ မဇ္ဈိမ စုံစမ်းသိရသည်။
ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲ ပထမပိုင်းပွဲစဉ် ပြီးဆုံးချိန်တွင် အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပွဲကြည့်စင်မှ ပရိသတ်တဦးက ရန်ကုန်ယူနိုက်တက်အသင်းမှ ယှဉ်ပြိုင်ကစားနေသည့် မောင်မောင်လွင်ကို အော်ဟစ်ပြောဆိုနေခဲ့ရာမှ မောင်မောင်လွင်က ပွဲကြည့်စင်ပေါ်သို့ ပြေးတက်သွားပြီး အဆိုပါအမျိုးသမီးအား ထိုးကြိတ်ခဲ့ခြင်းဖြစ်သည်။
ပွဲစဉ် Live ထုတ်လွှင့်မှုတွင်လည်း ”ဘာလုပ်တာလဲ၊ ငါ့ကိုလာမလုပ်နဲ့နော် ဘောလုံးသမားဖြစ်ပြီးတော့ လူပါးလာမဝနဲ့ ဒီမှာငါ့ကို လာလုပ်နေတယ်။ ပါးကို လာထိုးတယ်၊ ဘောလုံးသမားဖြစ်ပြီး” ဆိုသည့်အသံနှင့် အမျိုးသမီးတဦး၏ အော်ဟစ်ငိုယိုသံများ ထွက်ပေါ်ခဲ့သည်။
ဘောလုံးစည်းမျဉ်းအရ ပွဲအတွင်း ထိုကဲ့သို့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုအတွက် အနီကတ်ပြ ထုတ်ပယ်ခံရမည်ဖြစ်သော်လည်း၊ မောင်မောင်လွင်မှာ ပွဲပြီးဆုံးသည့်အထိ ဆက်လက်ကစားခွင့် ရရှိခဲ့သည်။
ဘောလုံးအဖွဲ့ချုပ်နှင့် နီးစပ်သူတဦး၏ ပြောကြားချက်အရ အဆိုပါကိစ္စကို သက်ဆိုင်ရာအသင်းနှင့် တာဝန်ရှိသူများက သတင်းဖုံးဖိရန် ကြိုးပမ်းနေပြီး လက်ရှိအချိန်ထိ အရေးယူမှု တစုံတရာ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း သိရသည်။
“ဘောပွဲဆိုတော့ ဟိုဘက်ပရိသတ်အနေနဲ့ ပြောတာပေါ့။ လေတိုက်တာပေါ့လေ။ အဲ့တာကို သည်းမခံနိုင်ဘဲ ကိုယ်ထိလက်ရောက်ဖြစ်တာ” ဟု ဘောလုံးအဖွဲ့ချုပ်နှင့် နီးစပ်သူက ဆိုသည်။
မြန်မာနေရှင်နယ်လိဂ်တွင် မြန်မာနိုင်ငံ ဒေသအသီးသီးမှ ကလပ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး၊ ထိပ်တန်းဘောလုံးအသင်းများဖြစ်သည့် ရန်ကုန်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်နှင့် ရတနာပုံအသင်းများ ပါဝင်ယှဉ်ပြိုင်ကြသည်။
အမှတ်ပေးဇယားအရ အဆင့်အမြင့်ဆုံးရရှိသော အသင်းသည် ချန်ပီယံဖြစ်လာပြီး၊ အာရှအဆင့်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိလေ့ရှိသည်။
မောင်မောင်လွင်သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်က ပြုလုပ်ခဲ့သည့် မြန်မာ-အင်ဒိုနီးရှား ဘောလုံးပွဲစဉ်တွင်လည်း ပရိသတ်အား ပြန်လည်ဆဲဆိုခြင်းအပြင် ကိုယ်အမူအယာဖြင့် ဆဲဆိုခြင်းဖြစ်သည့် လက်ခလယ်ထောင်ပြခြင်းနှင့် ကင်မရာနောက်ကွယ်တွင် ဘောင်းဘီချွတ်ပြခြင်း ပြုလုပ်ခဲ့သည့်အတွက် မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင်ရာထူးမှ ဖယ်ရှားခံခဲ့ရဖူးသည်။
သို့သော် ၂၀၂၅ ခုနှစ်တွင် မောင်မောင်လွင်သည် အင်္ဂလန်ကလပ် မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ဂိုးသွင်းခဲ့ရာမှ မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင်ရာထူးကို ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး မောင်မောင်လွင်၏ တုံ့ပြန်ချက်ကို မေးမြန်းနိုင်ခြင်း မရှိသေးပါ။
စာတည်း ။ ။ နောင်နောင်
ဓာတ်ပုံ – ပွဲကြည့်စင်ပေါ်၌ ပရိသတ်အမျိုးသမီးတဦးကို ထိုးကြိတ်နေသည့် မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်ကို တွေ့ရစဉ်။ ရန်ကုန်တိုင်း သန်လျင် သီဟဒီပကွင်း၌ မတ်လ ၁၀ရက်နေ့က ပြုလုပ်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်က ပွဲလာရောက်ကြည့်ရှုသည့် ပရိတ်သတ်အမျိုးသမီးတဦးကို ပွဲကြည့်စင်ပေါ်တက်၍ ကိုယ်ထိလက်ရောက်ကျူးလွန်မှု ဖြစ်ပွားခဲ့ကြောင်း ဘောလုံးအဖွဲ့ချုပ်နှင့် နီးစပ်သူများထံမှ မဇ္ဈိမ စုံစမ်းသိရသည်။
#မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင်
#မောင်မောင်လွင်
#ကိုယ်ထိလက်ရောက်
#မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်
#ရန်ကုန်တိုင်း
#သီဟဒီပကွင်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews