နတ်ရေကန်ဗျူဟာကိုစစ်ကူသွားတဲ့ စစ်ကြောင်း နှစ်ကြောင်းကိုAAနဲ့မဟာမိတ်​တွေတိုက်လို့ဆုတ်​ပြေး

နတ်ရေကန်ဗျူဟာကိုစစ်ကူသွားတဲ့ စစ်ကြောင်း
နှစ်ကြောင်းကိုAAနဲ့မဟာမိတ်​တွေတိုက်လို့ဆုတ်​ပြေး
မတ်-၁၁၊၂၀၂၆။ဇော်ရမ်း/People’s Spring
နတ်ရေကန်ဗျူဟာဘက်ကို ပဇီရွာ နဲ့ ဂုတ်ကြီးရွာဘက်ကနေ ဝင်လာတဲ့ စစ်တပ် စစ်ကြောင်း ၂ ကြောင်းကို အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်လို့ သေဆုံးထိခိုက်သူများပြီး လေကြောင်းပစ်ကူနဲ့ ပြန်လည်ဆုတ်ခွာ ထွက်‌ ပြေးသွားတယ်လို့ သတင်းရရှိပါတယ်။
နတ်ရေကန်ဗျူဟာရဲ့ အရှေ့မြောက်ဘက် ၂မိုင်ခန့်အကွာက ပဇီရွာကနေ စစ်ကြောင်းတစ်ကြောင်း၊
အရှေ့‌တောင်ဘက်က ဂုတ်ကြီးရွာကနေ စစ်
ကြောင်းတစ်ကြောင်းဟာ မတ်လ ၁၀ရက်မနက်မှာ နတ်ရေကန်ဗျူဟာဘက်ကိုစစ်ကူ​ပေးဖို့ တက်လာတာဖြစ်ပါတယ် ။အဲဒီစစ်​ကြောင်း​တွေကို AA နဲ့မဟာမိတ်တပ်​တွေကတိုက်ခိုက်တာ​ကြောင့် တစ်နေကုန် တိုက်ပွဲတွေအပြင်းအထန်ဖြစ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။
“အင်အား ၄၀၀ လောက်သုံးပြီးတက်လာတာ။ ညအထိ လေကြောင်း ဗုံးလာကြဲတယ်။ မနေ့က တနေကုန်ဆို လေယာဉ် ၁၂စီး လာကြဲတယ်။ စစ်ကြောင်း ပြန်လန်ကျသွားတယ်” လို့ ၎င်းက ပြောပါတယ်။
နတ်ရေကန်ဗျူဟာရဲ့ နောက်ဆုံးကာကင်းဖြစ်တဲ့ ကြက်ခြံကုန်းကာကင်းကို AAနဲ့ ပူးပေါင်းတပ်တွေက မတ်လဆန်းတိုက်ပွဲတွေမှာ သိမ်းယူလိုက်ပြီးတဲ့နောက် ဗျူဟာကို ဦးတည်တဲ့ အနီးကပ်စစ်ဆင်ရေးစတင်နေတာပါ။
စစ်ကောင်စီတပ်ကလည်း ပဇီရွာနဲ့ ဂုတ်ကြီးရွာမှာ မူလကတည်းက အင်အား ၁၅၀၀ ခန့်စီနဲ့ စစ်ရေးပြင်ဆင်ခဲ့သလို အင်အားထပ်ဖြည့်ပြီး စစ်ကြောင်းထိုးဖို့ကြိုးစားနေတာပါ။စစ်ကောင်စီက ပဒါန်းမြို့နယ်မှာရှိတဲ့ အမှတ်(၉၀၅)အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်(အမတ)ကို မတ်လ ၈ရက်နေ့မှာ စစ်ကား ၂၉စီးနဲ့ အင်အားတွေ ပို့ခဲ့ပါတယ်။ အဲ့ဒီကမှတဆင့် ပဇီရွာနဲ့ ဂုတ်ကြီးရွာကို လက်နက်၊ ရိက္ခာနဲ့ လူအင်အား‌တွေပို့ပြီး စစ်ကြောင်းထိုးဖို့ကြိုးစားနေတာပါ။
” သူတို့တက်လာရင် ချလိုက်။ ပြန်ဆုတ်သွားလိုက်နဲ့ တိုက်ပွဲကဆက်တိုက်ဖြစ်နေပါတယ်။ လေကြောင်းသုံးတာကပိုများလာတယ်။ အခုက နတ်ရေကန်ဗျူဟာတစ်ခုပဲကျန်တော့တယ်ဆိုတော့ တိုက်ပွဲကဆက်ဖြစ်မှာ” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
နတ်ရေကန်ဗျူဟာနဲ့ ပဇီရွာ၊ဂုတ်ကြီးရွာတွေကို ‌AAနဲ့ ပူးပေါင်းတပ်တွေကဖြတ်တောက်ထားနိုင်ပြီး ဗျူဟာထဲကို စစ်ကောင်စီက လေကြောင်းကနေ ရိက္ခာနဲ့လက်နက်ခဲယမ်းတွေ ပို့ဆောင်နေပါတယ်။ နတ်ရေကန်ဗျူဟာထဲက ကမ္ဘာလုံးပုံအဆောက်
အအုံထဲမှာတော့ ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆေးကုသပေးနေတယ်လို့သိရပါတယ်။
မကွေးတိုင်း၊ ငဖဲမြို့နယ်က နတ်ရေကန်ဗျူဟာကုန်းဟာ ရခိုင်ပြည်နယ်၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းဆက်စပ်နေရာမှာရှိပြီး စစ်ရေးအရ အချက်အချာကျတဲ့ စစ်ကောင်စီရဲ့အမာခံစခန်းကြီးဖြစ်ပါတယ်။အခိုင်အမာကာကင်းစခန်ကြီး၁၀ခုထက်မနည်းရှိပြီး ၅မိုင်ကနေ ၁၀မိုင်ခန့်အတွင်းမှာလည်း စစ်လက်နက်ပစ္စည်းစက်ရုံ(ကပစ)တချို့ရှိနေပါတယ်။
နတ်ရေကန်ဗျူဟာကုန်းကိုAAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ၂၀၂၅ ဖေဖော်ဝါရီလမှာ ထိုးစစ်စတင်ခဲ့တာပါ။အဲဒီအချိန်တုန်းက ဒေသတွင်း စစ်ဆင်ရေးနဲ့ ခုခံစစ်တွေကို တပ်မ(၉၉)က တာဝန်ယူခဲ့တာပါ။ တိုက်ပွဲမှာ အထိနာပြီး ကာကင်းစခန်းတွေ လက်လွှတ်ရတဲ့အတွက် စစ်ကောင်စီက တပ်မ(၉၉)တပ်မမှူး ဗိုလ်မှူးကြီးတင်မောင်ကျော်ကို မေလထဲမှာ ပြန်ဖမ်းပြီး ဟားခါးအခြေချ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးစိုးဝင်းထွန်းကို တပ်မ(၉၉) တပ်မမှူးတာဝန်ပေးခဲ့ပါတယ်။ ထိုးစစ်စတင်တဲ့ ဖေဖော်ဝါရီလထဲမှာတင် တပ်မ (၉၉) လက်အောက်ခံ အမှတ် (၉၉၂) နည်းဗျူဟာအဖွဲ့ကယာယီနည်းဗျူဟာမှူး၊ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်နဲ့ ဗျူဟာရုံးအဖွဲ့ဝင် (၁၇) ဦးအပြင် စစ်သုံ့ပန်းအများအပြားကို AAက ဖမ်းဆီးခဲ့ပါတယ်။
စစ်ကောင်စီက တပ်မ(၉၉) လက်အောက်ခံတပ်
ရင်းတွေအစား ရှမ်းတောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) ၁၇ ကို ဩဂုတ်လနှောင်းပိုင်းမှာ ပို့ပြီး ခုခံပေမယ့် AAနဲ့ မဟာမိတ် တွေက စခန်းတွေထပ်သိမ်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် စစ်ကောင်စီကတပ်မ(၈၈)လက် အောက်ခံတပ်ရင်း‌တွေကိုပါနတ်ရေကန်ဗျူဟာ ခုခံဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ရက်နေ့မှာ အမတ(၉၀၅)ကတဆင့် ပို့ခဲ့ပါတယ်။ တိုက်ပွဲတွေဆက်လက်ပြင်းထန်ခဲ့ပြီး နတ်ရေကန်ဗျူဟာပတ်ဝန်းကျင်ကကာကင်း
စခန်းတွေအားလုံးကို AAနဲ့ ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့တဲ့အထိစစ်ရေးအသာစီးရနေတာဖြစ်ပါတယ်။
(၂၀၂၅ စက်တင်ဘာလမှာ နတ်​ရေကန်ဗျူဟာအနီးစစ်​ကြောင်းထိုးလာတဲ့စစ်တပ်ကို AAငဖြတ်​တောက်ပိတ်ဆို့တိုက်ခိုက်ပြီး စစ်တပ်က​သေဆုံးဒဏ်ရာရသူများပြီးပြန်ဆုတ်​ပြေးရာ စစ်တပ်ထံမှသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်းနဲ့ စစ်အသုံးအ​ဆောင်​တွေ ။ဓါတ်ပုံ-AA Infodesk )