ဖလမ်းတိုက်ပွဲ ၄လခန့်အတွင်း စစ်တပ် ၂၀၀ကျော် သေဆုံး

ဖလမ်းတိုက်ပွဲ ၄လခန့်အတွင်း စစ်တပ် ၂၀၀ကျော် သေဆုံး
▪️ချင်းပူးပေါင်းတပ် ရဲဘော် ၄၂ဦးကျဆုံး
မတ်-၁၁၊ ၂၀၂၆။ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ထိန်းချုပ်ဖို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဟာ အထိအခိုက်အကျအဆုံးများပြားနေပြီး လေကြောင်း တိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာကြောင်း ချင်းရေးရာအဖွဲ့က သတင်းထုတ် ပြန်ပါတယ်။
တိုက်ပွဲတွေအတွင်း ချင်းတော်လှန်ရေး ပူးပေါင်းတပ်က ရဲဘော်ထိခိုက် ကျဆုံးခဲ့ရမှု အခြေအနေတွေကိုလည်း အသိပေးထားပါတယ်။
ချင်းရေးရာအဖွဲ့ရဲ့ ဖလမ်းမြို့နယ်ရှိ တိုက်ပွဲအခြေအနေများ သုံးသပ်ချက်ကို မတ်လ ၉ရက်က ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီတပ် ထိုးစစ်စတင်ခဲ့တဲ့ ၂၀၂၅ အောက်တိုဘာက ၂၀၂၆ ဖေဖော်ဝါရီ ၂၈ရက်အထိ ၄လကျော်ကြာ အခြေအနေတွေကိုအသိပေးထားတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ၂၀၂၅ အောက်တိုဘာ ၁၉ ရက်မှစပြီး စစ်ကိုင်းတိုင်း၊ ကလေးမြို့ကို အခြေပြုကာ ချင်းပြည်နယ်မြောက်ပိုင်းသို့ဦးတည်ပြီး အင်းအားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပြီး ကလေး- နတ်ချောင်း-ဂန့်ဂေါ၊ ကလေး-နတ်ချောင်း-ဝေဘူလ၊ ကလေး-ခိုင်ကမ်း-သိုင်းငင်းနဲ့ တီးတိန်-သိုင်းငင်း စတဲ့ လမ်းကြောင်း လေးခုမှာ စစ်ကြောင်း လေးခု အင်အား ၁၀၀၀နီးပါးအသုံးပြု ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ထိုးစစ်ကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်က ခုခံတိုက်ခိုက်ခဲ့ရာတိုက်ပွဲတွေ အဆက်မပြတ်ဖြစ်နေပြီး စစ်ကောင်စီတပ်ကလည်း ချင်းညီနောင်သိမ်းထားတဲ့ ဖလမ်းမြို့နဲ့ ဆူရ်ဘုန်လေဆိပ် ပြန်ရဖို့ ဦးတည်နေတာလို့ ဖော်ပြထားပါတယ်။
ကလေး-နတ်ချောင်း-ဝေဘူလလမ်းကြောင်းအတိုင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေဟာ လမ်းကြောင်းတလျှောက် တိုက်ခိုက်မခံရဘဲ ဝေဘူလမြို့အထိ ထိုးစစ်ဆင်လာနိုင်သလို တီးတိန်-သိုင်းငင်း ဦးတည် ထိုးစစ်ဆင်သော စစ်ကောင်စီတပ်တွေဟာလည်း ချင်းပူးပေါင်းတပ်ရဲ့ တိုက်ခိုက်ခံရပေမယ့် သိုင်းငင်းအထိ ထိုးစစ်ဆင်နိုင်ခဲ့ဟု ဆိုပါတယ်။
အဲဒီကတဆင့် စစ်ကောင်စီတပ်ဟာ ဝေဘူလ-ဖလမ်းနဲ့ သိုင်ငင်း-ဖလမ်း၊ စစ်ကြောင်း ၂ ကြောင်းဖြင့် တောင်ကြောလမ်းအတိုင်း ဖလမ်းမြို့သို့ ဦးတည် ထိုးစစ်ဆင်လာရာ တိုက်ပွဲတွေ မတ်လဒုတိယပတ်အထိ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတာလို့ အသိပေးပါတယ်။
လေးလကြာတိုက်ပွဲတွေအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့များဘက်က အနည်းဆုံး ၄၂ဦးသေဆုံးကာ ၁၀၀ ကျော်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြပါတယ်။ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)နဲ့ ချင်းဒေသကာကွယ်ရေးတပ်(CDF) ရဲဘော်တွေ ကျဆုံးမှု အခြေအနေကို စုစည်းထားတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဒရုန်းဗုံးကြဲမှုတွေဟာ တပ်ဖွဲ့ဝင်များအပေါ် အဓိကထိခိုက်မှုဖြစ်စေတဲ့ အကြောင်းအရင်းများ ဖြစ်ပြီး စစ်ကောင်စီက ၂၀၂၅ ဒီဇင်ဘာနဲ့ အခု ၂၀၂၆ ဇန်နဝါရီမှာ လေကြောင်း အသုံးပြုမှု ပိုမြင့်တက်လာကြောင်း ဖော်ပြပါတယ်။
အရပ်သားပြည်သူ အနည်းဆုံး ၁၅ဦး သေဆုံးကာ ၃၀ ကျော် ဒဏ်ရာရခဲ့ကြောင်းလည်း အသိပေးပါတယ်။
စစ်ကောင်စီတပ်က ပိုအထိနာခဲ့ပြီး သေဆုံးသူ ၂၀၀ ကျော်ရှိပြီး ၂၅၀ ကျော်ဒဏ်ရာရသလို ဖမ်းဆီးခံရသူ ၄၀ ကျော်ရှိကြောင်း ထုတ်ပြန်ပါတယ်။
ချင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကြောင်းများ ဆက်လက်မတိုးနိုင်တဲ့ စစ်ကောင်စီဟာ ရောက်ရှိတဲ့ တောတောင်နေရာတွေမှာခံတပ်အဖြစ် ကတုပ်ကျင်းအကာအကွယ်များတူးဖော်ကာ အခိုင်အမာတပ်စွဲနေကြတဲ့အပြင် လေတပ်က စစ်ကြောင်းများထံသို့ နေ့စဉ်နီးပါး လေကြောင်းမှ ရိက္ခာနဲ့ ပစ္စည်းများ ပို့ဆောင်ပေးနေကြောင်း ဖော်ပြပါတယ်။
” လေကြောင်းထောက်ပံ့မှုများ ဆက်တိုက် ပြုလုပ်နေခြင်းသည် ဤစစ်ဆင်ရေးအား စစ်ကော်မရှင် မှ အရေးပါစွာ ထောက်ပံ့နေကြောင်းကို ပြသနေသည်။ ဤစစ်ဆင်ရေးသည် ဖလမ်းမြို့၏ ပထဝီအရ မဟာဗျူဟာအရေးပါမှုနှင့် အုပ်ချုပ်ရေးနှင့်စစ်ရေးဆိုင်ရာ လိုအပ်ချက်များအတွက် ဖလမ်းမြို့အနီးရှိ ဆုလ်းဘုန် (Surbung) လေဆိပ်ကို အသုံးပြုနိုင်ရန် ရည်ရွယ်ချက်များကြောင့် ဖြစ်နိုင်ကြောင်းလည်း ယုံကြည်ကြသည်”လို့ ချင်းရေးရာ အဖွဲ့က ထုတ်ပြန်ပါတယ်။
(ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ပျက်စီးနေတဲ့ နေအိမ်တွေနဲ့ စစ်ဘေးရှောင်ဒေသခံတွေကို တွေ့ရစဉ်။ ဓာတ်ပုံ – ICA၊ The Rihli Voice)