■ စစ်တပ်လော်ဘီ သရုပ်ဆောင် မင်းအုပ်စိုး တရားမဝင် လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံရ

■ စစ်တပ်လော်ဘီ သရုပ်ဆောင် မင်းအုပ်စိုး တရားမဝင် လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံရ
Western News| မတ် ၁၁
စစ်ကောင်စီ စစ်တပ်ထောက်ခံသူတစ်ဦးလည်းဖြစ် စစ်တပ်လော်ဘီတစ်ဦးလည်း ဖြစ်သူ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် မင်းအုပ်စိုး တရားမဝင် လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
သရုပ်ဆောင် မင်းအုပ်စိုး ကို ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ဘုရားငုတ္တို X–ray ပူပေါင်းစစ်ဆေးရေး၌ မတ်လ ၉ရက်နေ့ ၁၀နာရီခန့်က ဖမ်းဆီးလိုက်ကြောင်း X- ray ပူးပေါင်းစစ်ဆေးရေး ဂိတ်မှ ဝန်ထမ်းတစ်ဦးက Western News ကို ပြောသည်။
“စစ်ဆေးရေးဂိတ်မှာ မင်းအုပ်စိုး မောင်းနှင်လာတဲ့ ကားကို စစ်ပါတယ်။ ပစ္စတို သေနတ် ၁ လက်နဲ့ 9X19 ကျည်ဆံ ၇ တောင့်ပါ ကျည်အိမ် ၁ခု တွေ့ပါတယ်။ အခုကတော့ သူ့ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားပါတယ်”ဟုပြောသည်။
ဒလမြို့နယ်ဘက်မှ တွံတေးမြို့နယ်ဘက်သို့ ဒလ-တွံတေးကားလမ်း အတိုင်း ယာဉ်မောင်း အောင်နိုင်ထွန်း (ခ) မင်းအုပ်စိုး မောင်းနှင်လာသည့် ယာဉ်အမှတ် YGN-8 7S- အနက်ရောင်ယာဉ်အား ရပ်တန့် စစ်ဆေးရှာခဲ့ခြင်း ဖြစ်သည်။
ယာဉ်ပေါ်တွင် သေနတ်နံပါတ် A 895629 Made In CZECH REPUBLIC စာတန်းပါ CZ 75D COMPACT 9X19 ပစ္စတို သေနတ် ၁ လက်နှင့် 9X19 ကျည်ဆံ ၇တောင့်ပါ ကျည်အိမ် ၁ ခု တပ်လျက်တို့အားတွေ့ ရှိခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးရေး ဂိတ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သရုပ်ဆောင် မင်းအုပ်စိုးအား ရဲတပ်ဖွဲ့က မေးမြန်းရာတွင် မိမိ ကိုယ်ကိုယ် ကာကွယ်ခုခံပိုင်ခွင့် အတွက် ကိုင်ဆောင်ထားခြင်း ဖြစ်ကြောင်းနှင့် မည်သည့်အကြမ်းဖက် အဖွဲ့အစည်းများနှင့်မှ ပတ်သက် ဆက်နွယ်ခြင်း မရှိကြောင်း ပြောဆိုခဲ့သည်။
သို့သော်လည်း လက်နက်ကိုင်ခွင့် ခွင့်ပြုချက် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိသည့်အတွက် ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဟု ရဲတပ်ဖွဲ့၏ ကြေးနန်းစာတွင် ဖော်ပြထားသည်။
လက်ရှိတွင် သရုပ်ဆောင် မင်းအုပ်စိုးအား တွံတေးမြို့မရဲစခန်းမှ လက်နက်ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။၊
#Western #News #WN #စစ်တပ်လော်ဘီ #သရုပ်ဆောင် #မင်းအုပ်စိုး #တရားမဝင် #လက်နက်ကိုင်ဆောင်မှုဖြင့် #ဖမ်းဆီးခံရ