PDF ထိန်းချုပ်ထားသော မြိုင်မြို့နယ်၊ ဝယ်တောင်ကျေးရွာတွင် သွားရောက် ဖျော်ဖြေခဲ့သော အဆိုတော် လမင်းကဗျာ(ခ) DJ Moon ကို ဖမ်းဆီးပြီး ပြန်လွှတ်၊ ကျော်ဆန်းဝင်း ရွှေမြန်မာဆိုင်းအဖွဲ့ကိုလည်း ခေါ်ယူမေးမြန်းရန်ရှိဟုဆို
ရန်ကုန်၊ မတ် ၁၀




မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ PDF များ ထိန်းချုပ်ထားသော မြိုင်မြို့နယ်၊ ဝယ်တောင်(မြောက်) ကျေးရွာရှိ အလှူပွဲတစ်ခုသို့ သွားရောက် သီချင်းဖျော်ဖြေခဲ့သော အဆိုတော်လမင်းကဗျာ (ခ) DJ Moon ကို စစ်တပ်က ယမန်နေ့ ဖမ်းဆီးပြီး ပြန်လည် လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။
ယမန်နေ့ မတ်လ ၉ ရက်နေ့ နံနက်ပိုင်း ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်၊ ဦးဖိုးမှန်လမ်းတွင် နေထိုင်သော အဆိုတော် လမင်းကဗျာ(ခ) DJ Moon (ခ) မလှလှဝင်းကို စစ်ထောက်လှမ်းရေး(စရဖ)၊ နယ်မြေခံ လှိုင်မြို့နယ်ရဲတပ်ဖွဲ့၊ နယ်မြေတပ်နယ်မှ စစ်အရာရှိများ ပါဝင်သော ပူးပေါင်းအဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ခေါ်ယူမေးမြန်းပြီး ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
မဘသ သင်္ကန်းဝတ် ပေါက်ကိုယ်တော်က လမင်းကဗျာကိုစစ်တပ်က ခေါ်ယူ မေးမြန်းပြီး ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းတွင် လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။
“လမင်းကဗျာဆိုတဲ့ ကလေးမလညး ခေါ်ယူစစ်ဆေး မေးမြန်းခံရတဲ့ အခြေ အနေ ရောက်သွားတယ်။ ပြန်လွှတ်လိုက်တယ်” ဟု မဘသ အစွန်းရောက် ပေါက်ကိုယ်တော် သင်္ကန်းဝတ်က ပြောဆိုသည်။
ဇန်နဝါရီလ ၂၈ ရက်နေ့ မြိုင်မြို့နယ်၊ ဝယ်တောင်(မြောက်)ကျေးရွာတွင် ပြုလုပ်သော အလှူပွဲသို့ သွားရောက် ဖျော်ဖြေခဲ့သော လမင်းကဗျာကို စစ်တပ်က ခေါ်ယူစစ်ဆေးခြင်းဖြစ်ပြီး ယင်းပွဲတွင် ဆိုင်းတီးခတ်ခဲ့သော ယောမင်းသားလေး ကျော်ဆန်းဝင်း(ရွှေမြန်မာဆိုင်း) အဖွဲ့ကိုလည်း ခေါ်ယူမေးမြန်းရန်ညွှန်ကြား ချက်ရှိကြောင်း သိရှိရသည်။
လူမှုကွန်ရက်များတွင် အဆိုတော်လမင်းကဗျာက PDF စိုးမိုးထားသော နေရာများသို့ သွားရောက် ဖျော်ဖြေခဲ့သည့် ဗီဒီယိုဖိုင်များ ပျံ့နှံ့လာပြီးနောက် စစ်လော်ဘီများက တယ်လီဂရမ်မှတစ်ဆင့် သူမကို ဖမ်းဆီးရန် လှုံ့ဆော်ကြရာမှာ နောက် ဆုံးတွင် ဖမ်းဆီးမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။
(မတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် သတင်းကို ပြန်လည် ဖြည့်စွက် ပြင်ဆင်ထားပါသည်။)