ညောင်လေးပင်တွင် စစ်ကော်မရှင်၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် အရပ်သား သေဆုံးသူ ၄၀ ကျော်အထိရှိလာ

ညောင်လေးပင်တွင် စစ်ကော်မရှင်၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် အရပ်သား သေဆုံးသူ ၄၀ ကျော်အထိရှိလာ
ဧရာဝတီတိုင်းမ်
(ညောင်လေးပင်)၊ မတ် ၉ ရက်နေ့

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင် စစ်ကြောင်းက ပြီးခဲ့သည့် မတ် ၅ ရက်နေ့တွင် ဒေသခံ အယောက် ၄၀ ကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ယနေ မတ် ၉ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်သည်။
စစ်ကော်မရှင်၏ တပ်မ(၇၇) ဦးဆောင်သည့် အင်အား ၁၀၀ ပါ စစ်ကြောင်း လေးကြောင်းသည် ရေတွင်းကုန်း၊ ခရုကုန်း နှင့် ကျောင်းကုန်း ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြည်သူ ၃၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ပြီး အယောက် ၄၀ ကျော်ကို သတ်ဖြတ်သွားခဲ့ခြင်းဖြစ်သည်။
အဆိုပါစစ်ကြောင်းသည် ကာမီကာဇေ၊ လက်နက်ကြီး၊ ဒရုန်း နှင့် လေယာဉ်များအသုံးပြုကာ အရပ်သားများအပေါ် အကြမ်းဖက်တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ပြီး ဓားစာခံအဖြစ် ဖမ်းဆီးထားသည့် ဒေသခံများအပေါ်တွင်လည်း ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကာ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း NUG ကပြောဆိုထားသည်။
စစ်ကော်မရှင်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် ကလေးငယ် သုံး ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး နှင့် သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံ ၄၀ ဦးကျော်အထိ သေဆုံးခဲ့ကြောင်း NUG၊ MOD ထုတ်ပြန်ချက်အရသိရသည်။
ဓာတ်ပုံ – ပေးပို့
#ညောင်လေးပင် #စစ်ကော်မရှင် #အစုလိုက်အပြုံလိုက် #သတ်ဖြတ် #ဒေသခံ #Ayeyarwaddy_Time