မွန်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး စစ်တပ်၏ဗျူဟာမှူးနှင့် တပ်ကြပ်တို့သေဆုံး

မွန်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး စစ်တပ်၏ဗျူဟာမှူးနှင့် တပ်ကြပ်တို့သေဆုံး
မတ် ၉၊ ၂၀၂၆
မွန်ပြည်နယ်၊ ကျိုက်ထိုနဲ့ ရေးမြို့နယ်တို့မှာ အကြမ်းဖက်စစ်ကြောင်းတွေ တိုက်ခိုက်ခံရပြီး ဗျူဟာမှူးတစ်ဦးနဲ့ တပ်ကြပ်တစ်ားတို့အပါအဝင် စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၈ရက်နေ့ မနက်အစောပိုင်းက ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ခရွဲရွာကနေ အင်အား ၃၀၀ ကျော်နဲ့ ထွက်ခွာလာတဲ့စစ်ကြောင်းဟာ ကျိုက်ထိုမြို့နယ် ကျောက်ရေတွင်းရွာအနီးမှာ ဖြတ်တောက်တိုက်ခိုက်ခဲ့တာလို့ Urban Operation Columnနဲ့ Urban Warriors-UOC အဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း ကရင်ပြည်နယ်၊ ကော့ကရိတ်အခြေစိုက် ခမရ (၅၄၇) တပ်ရင်းက ဗျူဟာမှူးဖြစ်သူနဲ့ စကခ (၁၂)က တပ်ကြပ်တို့သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“စစ်ကြောင်းမှူး(သို့) ဗျူဟာမှူးစီးလာတဲ့ကားကို အောင်မြင်စွာမိုင်းခွဲလိုက်နိုင်တယ်။ အဲ့တာကြောင့်သူတို့စစ်ကြောင်းလန်ပြီး သိမ်ဇရပ်ကိုပြန်ဆုတ်သွားတယ်။ ဗျူဟာမှူးအပြင် တပ်ကြပ်ကလည်း ဆေးရုံပို့တဲ့လမ်းမှာသေတာပါ” လို့ Urban Operation Columnနဲ့ Urban Warriors-UOC ရဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ဒီတိုက်ခိုက်မှုကို Urban Operation Column နဲ့အတူ KNLA တပ်ရင်း ၃၊ တပ်ခွဲ ၄၊ ABSDF တပ်ရင်း ၃တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၅ရက်နေ့ နေ့လယ်ပိုင်းကလည်း ရေးမြို့နယ်မြောက်ပိုင်း၊ ကနင်ကမော့ရွာကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ကနင်ကမော့ ကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကြောင်းခေတ္တရပ်နားနေချိန် တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ဗုံးသီး ၆ လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုတပ်သားတွေဘက်က ထိခိုက်မှုအခြေအနေကိုတော့ အတည်ပြုနေဆဲဖြစ်တယ်လို့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)က ဆိုပါတယ်။
မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုမှာ ညီနောင်တပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ ကာကွယ်ရေးဌာန ကွပ်ကဲမှုအောက်က မွန်ပြည်တော်လှန်ရေးတပ် (MSRF)နဲ့ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (KBDF)၊ ရေးပြောက်ကျားတပ်ရင်း (YGF)ဒရုန်းတပ်ဖွဲ့တွေပါဝင်ပြီး တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်မှာတော့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁)နဲ့ YGF ချေမှုန်းရေးတပ်ခွဲ တို့ ပါဝင်တာဖြစ်ပါတယ်။
ပုံစာ – ကျိုက်ထိုမြို့နယ်၊ ကျောက်ရေတွင်းရွာအနီး ခမရ ၅၄၇ ဗျူဟာမှူးစီးလာသည့်ကားအားမိုင်းဆွဲတိုက်ခိုက်ခဲ့သည့်နေရာအားတွေ့ရစဥ်။