အရက်အမျိုးမျိုးနဲ့ ယစ်မျိုးသက်ဝင် ပစ္စည်းတွေကို ပရိုမိုးရှင်း၊ ကံစမ်းမဲနဲ့ အွန်လိုင်းကနေ ရောင်းချခွင့် တားမြစ်

အရက်အမျိုးမျိုးနဲ့ ယစ်မျိုးသက်ဝင် ပစ္စည်းတွေကို ပရိုမိုးရှင်း၊ ကံစမ်းမဲနဲ့ အွန်လိုင်းကနေ ရောင်းချခွင့် တားမြစ်
မတ် ၈ – ၂၀၂၆
SN (VOM)
အရက်အမျိုးမျိုး အပါအဝင် ဘီယာ၊ ဝိုင်၊ ထန်းရည်၊ တည်အရက် အစရှိတဲ့ ယစ်မျိုးသက်ဝင် ပစ္စည်းတွေကို ပရိုမိုးရှင်း၊ ကံစမ်းမဲနဲ့ အွန်လိုင်းကနေ ရောင်းချခွင့် တားမြစ်လိုက်တယ်လို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက မနေ့ မတ် ၇ ရက်၊ ရက်စွဲနဲ့ ပြဋ္ဌာန်းလိုက်တဲ့ ယစ်မျိုးဥပ‌ဒေမှာ ထည့်သွင်း ဖော်ပြထားပါတယ်။
ယစ်မျိုးဥပ‌ဒေကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၇ အရ ပြဋ္ဌာန်းလိုက်တာဖြစ်ပြီး အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး သတ်မှတ်တဲ့နေ့ကစလို့ အာဏာ တည်စေရမယ်လို့ အသိပေးထားပါတယ်။
ယစ်မျိုးဥပဒေ ပုဒ်မ ၆၉၊ ပုဒ်မခွဲ (ဃ) မှာ ဘယ်သူမဆို အရက် (ဒါမှမဟုတ်) ယစ်မျိုးသက်ဝင်ပစ္စည်းကို အရောင်းပမာဏ မြင့်တက်စေဖို့ ပုံမှန်ဈေးနှုန်းအောက် လျှော့ရောင်းတာ၊ နမူနာပေးကမ်းတာ၊ ကံစမ်းမဲအစီအစဉ် ပြုလုပ်တာ (ဒါမှမဟုတ်) ဝယ်ယူမှုအပေါ် အပိုဆောင်း လက်ဆောင် ပေးကမ်းခြင်းနဲ့ ရောင်းချခြင်းမပြုရလို့ ပြဋ္ဌာန်းထားပါတယ်။
ဒါအပြင် ပုဒ်မ ၆၉၊ ပုဒ်မခွဲ (က) အရ အရက် (ဒါမှမဟုတ်) ယစ်မျိုးသက်ဝင်ပစ္စည်းကို အလိုအလျောက် ရောင်းချစက်နဲ့ မရောင်းချဖို့၊ ပုဒ်မခွဲ (ခ) မှာ အွန်လိုင်းစနစ်နဲ့ မရောင်းချဖို့၊ ပုဒ်မခွဲ (ဂ) မှာ ကြော်ငြာဆိုင်းဘုတ် စိုက်ထူတာ၊ ရေးဆွဲဖော်ပြပြီး ကြော်ငြာတာ၊ ကြော်ငြာချိတ်ဆွဲတာ၊ ကြော်ငြာကပ်တာ၊ ကြော်ငြာလက်ကမ်းစာရွက် ဝေငှတာ (ဒါမှမဟုတ်) တခြား တနည်းနည်းနဲ့ ကြော်ငြာတာတွေ မပြုလုပ်ဖို့ကိုလည်း ပြဋ္ဌာန်းထားပါတယ်။
“ဒီလို ဥပဒေတွေ ထုတ်တာကို ကြိုဆိုပါတယ်။ သို့သော် ထုတ်ထားတဲ့ ဥပဒေအတိုင်း အမှန်တကယ် ကြပ်မတ် အရေးယူနိုင်မယ် ဆိုရင်တော့ ပိုကောင်းတာပေါ့။ ဟိုးအရင်ကလည်း အရက်တွေ၊ ဘီယာတွေကို ‌‌ရုပ်သံချန်နယ်လ်မှာ မကြော်ငြာရဘူးဆိုပြီး တားမြစ်လိုက်တာ ရှိခဲ့ဖူးတယ်။ အဲဒီအချိန် ကြော်ငြာတွေ အားလုံး ရပ်သွားပေမယ့် ကနေ့အထိ ရုပ်သံမှာ ကြော်ငြာခွင့်ရနေတဲ့ အရက် နာမည်တခုကတော့ ရှိနေဆဲပါ။ အခု ထုတ်လိုက်တဲ့ ဥပဒေအတိုင်း အားလုံးတပြေးညီ ကြပ်မတ် ဆောင်ရွက်နိုင်မယ် ဆိုရင် အကောင်းဆုံးပါပဲ” လို့ စီးပွားရေး လုပ်ငန်းရှင် တယောက်က ပြောပါတယ်။
လက်ရှိ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအရ ဘယ်သူမဆို ပုဒ်မ ၆၉ မှာပါတဲ့ တားမြစ်ချက် တရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ခြောက်လထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၁၀၀ ကနေ အများဆုံး ကျပ်သိန်း ၃၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ဒါအပြင် ပုဒ်မ ၇၂ အရ ရောင်းချခြင်းဆိုင်ရာ ယစ်မျိုးလိုင်စင်ရှိသူ ဘယ်သူမဆို အရက်ရောင်းချတဲ့ နေရာမှာ အမျိုးသမီးကို ခိုင်းစေတာ၊ ခိုင်းစေခွင့် ပြုတာတွေ မပြုလုပ်ဖို့လည်း ပြဋ္ဌာန်းထားပါတယ်။
ဒါအပြင် ပုဒ်မ ၅၆ အရ ထန်းရည်ကိုလည်း ယစ်မျိုးလိုင်စင် ရရှိသူထံ ရောင်းချခြင်း (ဒါမှမဟုတ်) သယ်ယူ ပို့ဆောင်ခြင်းမှတပါး ဘယ်သူမှ လိုင်စင်မရှိဘဲ စီးပွားဖြစ်အလို့ငှာ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း (ဒါမှမဟုတ်) သယ်ယူပို့ဆောင်ခွင့် လက်မှတ်မပါဘဲ သယ်ယူပို့ဆောင်ခွင့် မပြုရလို့ သတ်မှတ် ပြဋ္ဌာန်းထားပါတယ်။
စီးပွားဖြစ်အလို့ငှာ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း (ဒါမှမဟုတ်) သယ်ယူပို့ဆောင်ခြင်း ဆိုတာဟာ လီတာ ၅၀ ထက်ပိုပြီး ဖြန့်ဖြူးရောင်းချခြင်း (ဒါမှမဟုတ်) သယ်ယူ ပို့ဆောင်ခြင်းကို ဆိုလိုတာဖြစ်ပြီး ပြုလုပ်လိုပါက သက်ဆိုင်ရာ ယစ်မျိုးလိုင်စင် (ဒါမှမဟုတ်) သယ်ယူပို့ဆောင်ခွင့် လက်မှတ် လျှောက်ထား ရယူရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
အဲဒီ တားမြစ်ချက်တွေကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားပါက ခြောက်လထက်မပို‌တဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၅၀ ထက် မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ဥပဒေ ပြဋ္ဌာန်းချက်မှာ ဖော်ပြထားပါတယ်။
“လီတာ ၅၀ ဆိုတာ ဘူးအနေနဲ့ဆိုရင် ရေသန့်ဘူး ၅၀၊ ပျမ်းမျှပေါ့။ ထန်းရေအိုး တအိုးကို ၃ လီတာပတ်လည် ရှိမှာပါ။ ထန်းရည် ၁၇ အိုးဆိုရင် လီတာ ၅၀ ပေါ့။ ဒါကို ယစ်မျိုးလိုင်စင် လျှောက်ထားရမယ်ဆိုရင် Fl 12 ချပေးမှာလား၊ FL 17 လျှောက်ထားရမှာလား။ ယစ်မျိုးလိုင်စင် တခုကို သိန်း ၃၀၀ ကနေ သိန်း ၆၀၀ တပတ်လည်ရှိတယ်။ ဒါဆိုရင် အညာဘက်က ထန်းတောပိုင်တဲ့ ထန်းရည်ဆိုင်တွေ အကုန် ယစ်မျိုးလိုင်စင် လျှောက်ထားရမယ့် သဘောပဲ” လို့ ပြည်သူတယောက်က ပြောပါတယ်။
ဥပဒေကနေ နည်းဥပဒေ တဆင့်ချင်း သွားကြရတဲ့နေရာမှာ အောက်ခြေနဲ့ ကိုက်ညီမှုမရှိတဲ့ ဥပဒေမျိုးတွေက တကယ်ကို ကျဥ်းထဲကျပ်ထဲ ရောက်စေပြီး ပြဿနာ ဖြစ်စေနိုင်တယ်လို့ သူက ပြောပါတယ်။
“တခါတလေကျရင် မြေပြင်နဲ့ ဥပဒေ အံဝင်ခွင်ကျ ရှိရဲ့လား၊ မရှိလားဆိုတာကို ဥပဒေထုတ်တဲ့သူတွေ သိစေချင်လိုက်တာ။ ယစ်မျိုးလိုင်စင်ထဲ ထန်းရည်ကိုပါ ထည့်ရင်တော့ ထန်းလျက် ချက်တဲ့သူလည်း မလွတ်လောက်တော့ဘူး” လို့ သူက ပြောပါတယ်။
အခု အသစ်ပြဋ္ဌာန်းလိုက်တဲ့ ယစ်မျိုးဥပဒေမှာ အခန်း ၁၈ ခန်း၊ ပုဒ်မ ၉၉ ခု ပါဝင်ပြီး ပြစ်ဒဏ်တွေအဖြစ် အနိမ့်ဆုံး ထောင်ဒဏ် တလကနေ အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိ၊ အနိမ့်ဆုံး ငွေဒဏ် ကျပ် ၁၀ သိန်းကနေ အမြင့်ဆုံး ငွေဒဏ် ကျပ် သိန်း ၁၀၀၀ အထိ ချမှတ်နိုင်ဖို့ ပြဋ္ဌာန်းထားကို တွေ့ရပါတယ်။
ဒါအပြင် လက်ရှိ ပြဋ္ဌာန်းထားတဲ့ ဥပဒေ တရပ်ရပ်နဲ့ ပြစ်ဒဏ်စီရင်ခြင်း ခံရပါက တရားရုံးအနေနဲ့ ပြစ်မှုနဲ့ သက်ဆိုင်တဲ့ အရက် (ဒါမှမဟုတ်) ယစ်မျိုးသက်ဝင်ပစ္စည်းနဲ့ ပစ္စည်းကိရိယာတွေကို ဖျက်စီးခြင်း (ဒါမှမဟုတ်) ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းအပြင် ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုတဲ့ တိရစ္ဆာန်၊ မော်တော်ယာဉ်၊ ရေယာဉ်နဲ့ အခြားယာဉ်တွေကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း ပြုလုပ်ရမှာ ဖြစ်တယ်လို့ ယစ်မျိုးဥပ‌ဒေမှာ ထည့်သွင်း ဖော်ပြထားပါတယ်။
Photo – CJ
#voiceofmyanmar #VOM #ယစ်မျိုးဥပ‌ဒေ #အရက် #ဘီယာ #ဝိုင် #ထန်းရည် #တည်အရက်