မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းသည့် ၅ နှစ်တာကာလအတွင်း ထင်သာမြင်သာတိုးတက် မှုများနှင့် အောင်မြင်မှုများ မျိုးစေ့ချပေးခဲ့ပြီးဟု အကြမ်းဖက် မင်းအောင်လှိုင် ပြောဆို
ရန်ကုန်၊ မတ် ၇
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းခဲ့သည့် ၅ နှစ်တာကာလအတွင်း ထင်သာမြင်သာတိုး တက်မှုများနှင့် အောင်မြင်မှုများ မျိုးစေ့ချပေးခဲ့ပြီးဖြစ်ကြောင်း အကြမ်းဖက် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က ပြောဆိုသည်။
ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးနှင့် အမျိုး သား စီမံကိန်းအစည်းအဝေးတွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်မှစ၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပြု လုပ် ခဲ့ပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲများအပြီး လွှတ်တော်အစည်းအဝေးများမှ ရွေးချယ်တာဝန်ပေးလာသည့် အစိုးရကို နိုင်ငံတော်တာဝန် လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ကောင်းမွန်သည့် ဆောင်ရွက်ချက်များနှင့် အောင်မြင်မှုများကို မျိုးစေ့ချပေးခဲ့ပြီးဖြစ်သည့်အတွက် ဆက်လက်တာဝန်ယူသွားမည့် အစိုးရအနေဖြင့်လည်း လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေး ကဏ္ဍအလိုက် ဦးစားပေးအသုံးစရိတ်များကို လျာထားသတ်မှတ် ပေးခဲ့ကြရမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။
မိမိတို့ တာဝန်ယူခဲ့သည့် ၅ နှစ်ကာလတွင် ထင်သာမြင်သာရှိသည့် တိုးတက်မှုများရရှိအောင် ဆောင်ရွက်ပေးခဲ့ကြောင်း၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မြို့ရွာများသန့်ရှင်းသာယာလှပရေး၊ မြို့ပြအင်္ဂါရပ်များနှင့် ညီညွတ်မှုရှိစေရေး၊ စွန့်ပစ်အမှိုက် စနစ်တကျစီမံခန့်ခွဲနိုင်ရေးစသည့် နယ်ပယ်များတွင် ပြောင်းလဲတိုးတက်စေရန်ကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ စီးပွားရေးနှင့်ပတ်သက်ပြီး အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းငယ်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် အစဉ်ရေရှည်ရပ်တည်နိုင်ရေးအတွက် လုပ်ငန်းစတင်ချိန်မှစပြီး ဈေးကွက်သို့ ရောက်ရှိချိန်ထိ လိုအပ်သည့်နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုများကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သူက ဆိုသည်။
သက်မွေးပညာရပ်များ၊ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ လူငယ်များ၏ ဘဝမြှင့်တင်နိုင်ရေးနှင့် အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် လူငယ်များ အကျိုးရှိစွာပါဝင်ဆောင်ရွက်နိုင်ရေးကို အားပေးမြှင့်တင်ပေးလျက်ရှိကြောင်း၊ မိမိတို့တာဝန်ယူခဲ့သည့်ကာလအတွင်း မိမိတို့အနေဖြင့် နိုင်ငံတော်အတွက် ဘက်ပေါင်းစုံတွင် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ပြည်သူများ၏ လိုလားတောင့်တချက်များကို ပြည်တွင်း၌ ရှိသည့်အင်အားဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဖြည့်ဆည်းပေးခဲ့ကြကြောင်း သူက ဆက်လက်ပြောဆိုသည်။
လျှပ်စစ်ဓာတ်အားဖူလုံရေးနှင့်ပတ်သက်၍လည်း ရေအားလျှပ်စစ်စီမံကိန်းများ၊ ဆိုလာလျှပ်စစ်စီမံကိန်းများကို အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယခင်က ချမှတ်ဆောင်ရွက်ဆောင်ရွက်ခဲ့သည့် ရေအားလျှပ်စစ်စီမံကိန်းများ အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်ဆောင်ရွက်နိုင်မှုမရှိခဲ့ခြင်းကြောင့် လက်ရှိအချိန်တွင် လျှပ်စစ်ဓာတ်အား ဖူလုံစွာသုံးစွဲနိုင်မှုမရှိခြင်းဖြစ်ကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖူလုံမှုရှိစေရေးအတွက်လည်း အမျိုးသားစီမံကိန်းကော်မရှင်အနေဖြင့် ထည့်သွင်းစဉ်းစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း သူက ဆိုသည်။
မိမိတို့အနေဖြင့်စတင်တာဝန်ယူပြီးကာလနောက်ပိုင်းတွင် သယ်ယူပို့ဆောင်ရေးနှင့်ပတ် သက်၍ စက်သုံးဆီကားများ၊ ရထားများအစား၊ လျှပ်စစ်ကားများနှင့် လျှပ်စစ်ရထားများ ပြေးဆွဲနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် EV ကားများအသုံးပြုနေကြပြီဖြစ်သကဲ့သို့ လျှပ်စစ်စွမ်းအင်သုံးရထားစက်ခေါင်းများ အသုံး ပြု၍လည်း ရထားခရီးစဉ်များ ပြေးဆွဲပေးနိုင်နေပြီဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းများကြောင့် ဖြစ်ပေါ်လာသည့် စက်သုံးဆီရှားပါးမှု ဖြစ်ပေါ်လာနိုင်မည့်အခြေအနေတွင် လျှပ်စစ်ကားနှင့် ရထားများ၏ အခန်းကဏ္ဍသည် များစွာတိုးတက်လာစေမည်ဖြစ်ကြောင်း၊ အမျိုးသားစီမံကိန်းကော်မရှင်အနေဖြင့်လည်း နိုင်ငံဖွံ့ဖြိုးတိုး တက် ရေးအတွက် ရေတို၊ ရေရှည်စီမံကိန်းများ ချမှတ်ရာတွင် ဖြစ်ပေါ်လာနိုင်မည့်အခြေ အနေများကို နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးတို့နှင့် ချိန်ထိုးသုံးသပ်စဉ်း စားတွက်ချက်၍ အမြင်ကျယ်ကျယ်ဖြင့် ရေးဆွဲချမှတ်သွားကြရန် မှာကြားလိုကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်က လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ကျပ် ၁၉၅,၀၃၂ ဘီလီယံရရှိရန် မျှော်မှန်းထားပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုလည်း ၃ ဒသမ ၄ ရာခိုင်နှုန်းရရှိရန် မျှော်မှန်းထားကြောင်း ထုတ်ဖော်ပြောဆိုသွားသည်။