မြေပုံမြို့ရှိ စစ်ကော်မရှင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေအိမ်ကို AA ချိပ်ပိတ်

စ်ကော်မရှင်၏ ရခိုင်ပြည်နယ်၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှ၏ မြေပုံမြို့တွင်ရှိသော နေအိမ်ကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် အာရက္ခတပ်တော်(AA)က ချိပ်ပိတ်လိုက်ကြောင်း စုံစမ်းသိရသည်။
ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြားကို ထိန်းချုပ်ပြီးနောက် စစ်ကော်မရှင်နှင့်ဆက်စပ်မှုရှိသူများ၏ နေအိမ်များ၊ ပိုင်ဆိုင်မှုများအား AA က ချိပ်ပိတ်နေရာ ၎င်း၏ နှစ်ထပ်တိုက်ကို အရေးယူချိပ်ပိတ်လိုက်ခြင်းဖြစ်သည်ဟု AA အရာရှိတစ်ဦးက ပြောသည်။
“သူက စစ်ကော်မရှင်ရဲ့ ဝန်ကြီးလုပ်နေတော့ ချိပ်ပိတ်လိုက်တာ။ သူအပါအဝင် တခြား စစ်တပ်နဲ့ ဆက်စပ်နေတဲ့ နေအိမ် ၁၀ အိမ်လောက်လည်း ချိပ်ပိတ်လိုက်တယ်”ဟု ၎င်းက ဆိုသည်။
မြေပုံမြို့နယ်၌ ချိပ်ပိတ်ရာတွင် ဧရာဝတီတိုင်းတွင်း ငါးလုပ်ငန်းဦးစီးမှူးရာထူးဖြင့်လုပ်ကိုင်နေသော ဦးအောင်ငွေစိုး၏ နေအိမ်လည်းပါဝင်ပြီး ၎င်းသည် စစ်ကော်မရှင်နှင့်လက်တွဲပြီး စီးပွားရေးလုပ်ငန်းဆိုင်ရာများ လုပ်ကိုင်နေသောကြောင့်ဟု အထက်ပါအရာရှိက ဆက်ပြောသည်။
“စစ်ကော်မရှင်ရဲ့ ဝန်ထမ်းဖြစ်တိုင်း ချိပ်ပိတ်တာမဟုတ်ပါ။ သူတို့နဲ့ ဆက်နွှယ်မှု တအားရှိမှ အရေးယူတာပါ။ တခြား ပညာရေး၊ ကျန်းမာရေးဝန်ထမ်းလုပ်နေသူတွေကိုလည်း အရေးယူတာမရှိပါ။ ဆက်စပ်မှု ကြီးကြီးမားမား ရှိမှပဲ အရေးယူတာပါ”ဟု ထိုသူက ဆိုသည်။
AA သည် တောင်ကုတ်မြို့မှ နာမည်ကြီး စီးပွားရေးလုပ်ငန်း ဦးကျောက်တောင်နှင့် သံတွဲမြို့နယ်၊ ငပလီ ကမ်းခြေမှ စစ်ဗိုလ်ချုပ်များနှင့်ခိုင်မာသော အကျိုးစီးပွားရှိသည့် ဟိုတယ်များ၊ လုပ်ငန်းများကိုလည်း ချိပ်ပိတ်ထားသည်။
ဘင်္ဂလားပင်လယ်အော်သို့ မေးတင်ထားသည့် မြန်မာနိုင်ငံ၏အလှပဆုံးကမ်းခြေဖြစ်သော ငပလီကမ်းခြေ မှ ဗိုလ်ချုပ်သန်းရွှေ၏သား ဦးသန့်ဇော်ရွှေပိုင် Thande Beach Hotel – Ngapali (သံတဲကမ်းခြေဟိုတယ် – ငပလီ)နှင့် ဗိုလ်ချုပ်မောင်အေး၏သမီး ဒေါ်နန္ဒာအေးပိုင် Pristine Mermaid Resort ဟိုတယ်တို့သည် AA ချိပ်ပိတ်ထားသော စာရင်းတွင် ပါဝင်သည်။
ချိပ်ပိတ်သော ပိုင်ဆိုင်မှုများနှင့် ပတ်သက်သည့် AA အသုံးအနှုန်းများတွင် “ဤအိမ်နှင့်ခြံမြေသည် ရန်သူ့ စစ်ကောင်စီအစိုးရနှင့် ပတ်သက်ဆက်နွယ်သူ၏အိမ်နှင့် ခြံမြေဖြစ်သဖြင့် အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရက ချိပ်ပိတ်သိမ်းဆည်းလိုက်သည်”ဟု ဖော်ပြထားသည်။
AA သည် အာဏာသိမ်းစစ်တပ်ကို “ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်တပ်”၊ “ရန်သူစစ်ကောင်စီ”ဟု ခေါ်ဝေါ်သုံးစွဲမှုရှိနေဆဲကာလဖြစ်သောကြောင့် AA နှင့် စစ်တပ်ကြား အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာပုံ မရှိသေးဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။
“နေ့တိုင်းလိုလို ဗုံးလည်းကြဲနေတာရှိတယ်။ ဆိုတော့ သူတို့လည်း ငြိမ်းချမ်းရေးကိုမလိုလား သဘောပေါ့။ AA ကလည်း တခြားတိုင်းနဲ့ပြည်နယ်ပါ စစ်တိုက်နေတော့ အပစ်အခတ်ရပ်စဲရေးဆိုတာ ဖြစ်လာနိုင်စရာ မရှိသေးပါ” ဟု ၎င်းက သုံးသပ်သည်။
တစ်ပြည်နယ်လုံး သိမ်းမည်ဟု ကြွေးကြော်ထားသော AA သည် သိမ်းပိုက်ကျန်ရှိနေသော လက်ကျန် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် စသော သုံးမြို့နယ်အနက် ပြည်နယ်မြို့တော် စစ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တရုတ်အကျိုးစီးပွားလုပ်ငန်းများရှိရာ ကျောက်ဖြူမြို့နယ်ရှိ တပ်စခန်းများကိုလည်း တိုက်ခိုက်နေသည်။
တစ်ဖက်တွင် AA သိမ်းပိုက်ထားသည့် ရခိုင်ဒေသမြို့နယ်များကို စစ်ကော်မရှင်က လေကြောင်းဖြင့် တိုက်ခိုက်နေရာ အရပ်သား ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိမှုမြင့်တက်နေသည်။
ရခိုင်ဒေသ တိုက်ပွဲစတင်ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်အထိ အာဏာသိမ်းစစ်တပ်၏ လက်ချက်ကြောင့် ဒေသခံ ၁၁၅၂ ဦး သေဆုံး၊ ၂၁၅၃ ဦး ဒဏ်ရာ ရရှိသွားကြောင့် AA ဘက်က ထုတ်ပြန်ထားသည်။
AA သည် သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွ တို့ကိုသိမ်းပိုက်ထားသည်။ ထို့အပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုလည်းသိမ်းပိုက်ထားသည်။