ကမ္ဘာ့အရိပ်အတွင်းသို့ လ တိုက်ရိုက်ဖြတ်သန်းသွားပြီး “အလုံးစုံလကြတ်ခြင်း” (Total Lunar Eclipse) ဖြစ်စဉ်ကိုအရှေ့တောင်အာရှနိုင်ငံများတွင် ယနေ့ (မတ်လ ၃ ရက်) ညတွင် တွေ့မြင်နိုင်မည်ဖြစ်သည်။

ယခုဖြစ်စဉ်သည် “သွေးရောင်လ” (Blood Moon) ကို ၂၀၂၉ ခုနှစ်မတိုင်မီအထိ နောက်ဆုံး မြင်တွေ့ရမည့် မြင်ကွင်းလည်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ညနေ ၆ နာရီနှောင်းပိုင်းမှစ၍ မြင်တွေ့နိုင်မည်ဖြစ်ပြီး မိုးတိမ်ကင်းစင်ပါက ညနေ ၆ နာရီခွဲမှ ၇ နာရီခွဲ ဝန်းကျင်သည် ကြည့်ရှုရန် အကောင်းဆုံးအချိန်ဖြစ်မည်။
အမေရိကန်တွင်လည်း ဒေသစံတော်ချိန် မတ်လ ၃ ရက်နံနက်ပိုင်းတွင် သွေးရောင်ကဲ့သို့ နီမြန်းသွားမည့် အလုံးစုံလကြတ်ခြင်းကို ကြည့်ရှုနိုင်မည် ဖြစ်သည်။
ယခုဖြစ်စဉ်ကို ဗဟိုအမေရိက၊ မြောက်အမေရိက၊ အလယ်အမေရိကနှင့် တောင်အမေရိက အနောက်ပိုင်းတို့မှ မတ်လ ၃ ရက်နေ့နံနက်ပိုင်းတွင်မြင်တွေ့နိုင်မည်ဖြစ်ပြီး၊ ဩစတြေးလျနှင့် အာရှအရှေ့ပိုင်းတို့တွင် ညပိုင်း၌ မြင်တွေ့နိုင်သည်။
အာရှအလယ်ပိုင်းနှင့် တောင်အမေရိကဒေသအများစုတွင် လ၏ အစိတ်အပိုင်းအချို့ ကြတ်ခြင်းကိုသာ မြင်တွေ့ရမည်ဖြစ်ပြီး၊အာဖရိကနှင့် ဥရောပတို့တွင်မူ မြင်တွေ့ရမည် မဟုတ်ပေ။
နောက်တစ်ကြိမ် အလုံးစုံလကြတ်ခြင်း (Total Lunar Eclipse) ကို ၂၀၂၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် သို့မဟုတ် ၂၀၂၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှသာ မြင်တွေ့ရမည်ဖြစ်သည်။
ရှေးယခင်က သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုအသီးသီးတွင် ကောင်းကင်ယံ၌ ကြောက်မက်ဖွယ်ရာ အနီရောင်လကြီး ချိတ်ဆွဲထားသကဲ့သို့ ပေါ်ပေါက်လာခြင်းကို မကောင်းသောနိမိတ်ဟု ယူဆခဲ့ကြသော်လည်း ယနေ့ခေတ်တွင် “Blood Moon” (သွေးရောင်လ) ဟု လူအများက စိတ်ဝင်စားကြသည်။
(၂၀၂၆ ခုနှစ် မတ်လ ၂ ရက်နေ့က ဘိုလီးဗီးယားနိုင်ငံ၊ လာပတ်ဇ်မြို့ ကောင်းကင်ယံတွင် “အလုံးစုံလကြတ်ခြင်း” (Total Lunar Eclipse) အခြေအနေမတိုင်မီ မြင်ကွင်များကို တွေ့ရစဉ်။ ဓာတ်ပုံ- EPA)