ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထောင်ချထားသည့် ပြစ်မှုများအားချန်လှပ်ပြီး စစ်တပ်က လွတ်ငြိမ်းပေး
မတ် ၂၊ ၂၀၂၆
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် အရပ်သားအစိုးရအဖွဲ့ဝင်တွေနဲ့ အတိုက်အခံ အင်အားစုတွေကို စွပ်စွဲပြီးပြစ်ဒဏ်ချမှတ်ထားတဲ့ ဥပဒေပုဒ်မတွေကို ဖယ်ချန်ထားပြီး အခြားသော ပုဒ်မတွေနဲ့ ပြစ်ဒဏ် ချမှတ်ခံထားရတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေကို ပြစ်ဒဏ်ကနေ ၆ ပုံ ၁ ပုံ လွတ်ငြိမ်းခွင့်ပြုတယ်လို့ အကြမ်းဖက်စစ်တပ်က မတ်လ ၂ ရက်၊ ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ ပြစ်ဒဏ် ၆ ပုံ ၁ ပုံ သက်သာခွင့်ပြုတဲ့အမှုတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံခေါင်းဆောင်တွေကို စွပ်စွဲဖမ်းဆီးထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေ၊ ရွေးကောက်ပွဲဥပဒေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွေက အမှုတွေ မပါဝင်ပါဘူး။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် အမှုပေါင်း ၁၉ မှုနဲ့ တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဒီနေ့မှာ အကြမ်းဖက်စစ်တပ်က တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့နဲ့ မတရားဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံရေးအကျဉ်းသား ၇၃၃၇ ဦးကို ခံဝန်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုတယ်လို့ ထုတ်ပြန်ထားပါတယ်။
တချိန်တည်းမှာပဲ ပုဒ်မ ၅၀ (ည) ၊ ၅၂ (က)ပုဒ်မတွေနဲ့ တရားရင်ဆိုင် နေရသူ၊ ထွက်ပြေးတိမ်းရှောင်လို့ ပုဒ်မ ၅၁၂ နဲ့ ထပ်မံအမှုဖွင့်ခံရသူ စုစုပေါင်း ၁၂၄၈၇ ဦးရဲ့ ကြားနာဆဲ အမှုပေါင်း ၉၅၃၂ မှုကိုလည်း ပိတ်သိမ်းပေးတယ်လို့ အကြမ်းဖက်စစ်တပ်က ဆိုထားပါတယ်။
နိုင်ငံရေးအကျဥ်းသားဟောင်းတွေကတော့ လွတ်မြောက်လာတဲ့သူတွေအတွက် ဝမ်းမြောက်ပေမဲ့ အကြမ်းဖက်စစ်တပ်ဟာ အစကတည်းက ပြည်သူတွေကို မတရားဖမ်းဆီးထားတာဖြစ်တဲ့အတွက် လွှတ်ပေးတဲ့အပေါ်မှာ ကျေးဇူးမတင်တဲ့အကြောင်းပြောပါတယ်။
“ဒီလို လွတ်ငြိမ်းသက်သာခွင့်က စစ်တပ်က လုပ်လေ့လုပ်ထရှိတဲ့ အကျင့်တစ်ခုပါပဲ။ မတရားဖမ်းမယ်။ ပြီးရင် သဘောကောင်းသလိုအချိုးနဲ့ နေ့ကြီးအခါကြီးမျိုးမှာ ပြန်လွှတ်ပေးမယ်။ ဒါ ထုံးစံပဲ။ ဒီအတွက် စစ်တပ်ကို ဘာအကြောင်းနဲ့မှ ကျေးဇူးတင်စရာရှိမနေဘူး။ လွှတ်လာတဲ့သူတွေအတွက်တော့ ဝမ်းသာပါတယ်” လို့ အကြမ်းဖက်စစ်တပ်ရဲ့ လွတ်ငြိမ်းနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ နိုင်ငံချင်းမိတ်မပျက်ဆက်ဆံရေးကို ရှေးရှုတယ်လို့ အကြောင်းပြပြီး ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံခြားသား ၁၀ ဦးကိုလည်း လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်ကလည်း အကြမ်းဖက်စစ်တပ်ဟာ အခုလို အကျဉ်းသူ၊ အကျဉ်းသား ၆၀၀၀ ကျော်ကို ပြစ်ဒဏ်လျော့ပေါ့ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပေမဲ့ အဲဒီထဲမှာ နိုင်ငံရေးအကျဥ်းသား အနည်းအကျဥ်းသာပါဝင်ခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းစကတည်းက ဖမ်းဆီးအကျဥ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိငါးနှစ်ကျော်ကြာတဲ့အထိ ဖမ်းဆီးအကျဥ်းချခံထားရဆဲဖြစ်ပြီး သူမအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့အတွက် အာဆီယံ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုနေပါတယ်။
ဓာတ်ပုံ – ANP/AFP/Getty