အီရန်၏ အဆင်ခြင်မဲ့တုံ့ပြန်မှုကို ခုခံမည်ဟု ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန် ထုတ်ပြန်

A drone view of Israeli emergency responders working at the scene of an Iranian missile strike on a road, after Iran launched missile barrages following attacks by the U.S. and Israel, in Jerusalem March 1, 2026. REUTERS/Ilan Rosenberg

အီရန်၏ အဆင်ခြင်မဲ့တုံ့ပြန်မှုကို ခုခံမည်ဟု ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန် ထုတ်ပြန်
DVB

အီရန်ရဲ့ ဒုံးကျည်နဲ့ ဒရုန်းပစ်ခတ်နိုင်စွမ်းကို အရင်းအမြစ်ကနေ ချေမှုန်းပစ်မဲ့ ခုခံကာကွယ်ရေး ဆောင်ရွက်ချက်တွေကို လိုအပ်လာရင် လုပ်ဆောင်သွားမယ်လို့ ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန်ခေါင်းဆောင်တွေက ပူးတွဲကြေညာလိုက်ပါတယ်။

ကနဦး အမေရိကန်နဲ့ အစ္စရေး စစ်ဆင်ရေးတွေမှာ မပါဝင်တဲ့ နိုင်ငံတွေအပေါ် အီရန်က အဆင်ခြင်မဲ့ ဒုံးကျည်တွေနဲ့ တိုက်ခိုက်နေတဲ့အပေါ် စိုးရိမ်မိတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

“အီရန်ရဲ့ အဆင်ခြင်မဲ့ တိုက်ခိုက်မှုတွေဟာ မဟာမိတ်တွေကို ပစ်မှတ်ထားနေပြီး ကျနော်တို့ရဲ့ စစ်မှုထမ်းတွေနဲ့ အရပ်သားတွေကိုပါ ခြိမ်းခြောက်နေတယ်” လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် မဟာမိတ်တွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး ဒီကိစ္စအတွက် အမေရိကန် အပါအဝင် မဟာမိတ်နိုင်ငံတွေနဲ့ ပူးပေါင်းသွားမယ်လို့လည်း ပါရှိပါတယ်။

အီရန်ဟာ အမေရိကန်စစ်စခန်းတွေကို ပစ်မှတ်ထားပြီးတော့ ပင်လယ်ကွေ့နိုင်ငံတချို့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုတွေကြောင့် အီရတ်မြောက်ပိုင်း အာဘေးလ်က နိုင်ငံတကာစစ်စခန်းနဲ့ ဂျော်ဒန်နိုင်ငံ အရှေ့ဘက်က ဂျာမနီတပ်ဖွဲ့စခန်းတွေ ထိမှန်ခဲ့ပေမဲ့ ထိခိုက်သေဆုံးသူ မရှိဘူးလို့ ဂျာမနီစစ်တပ်က အတည်ပြုပါတယ်။

ဒါပေမဲ့ မတ် ၁ ရက်က အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ အကြီးစားတိုက်ခိုက်မှုကြောင့် ရီယတ်၊ ဒူဘိုင်း၊ ဂျေရုဆလင် စတဲ့ မြို့ကြီးတွေမှာ ပေါက်ကွဲသံတွေ ထွက်ပေါ်ခဲ့ပြီး အစ္စရေးနိုင်ငံ ဘီယက်ရှီမက်ရှ်မြို့မှာတော့ အနည်းဆုံး လူ ၉ ယောက် သေဆုံးခဲ့ပါတယ်။

အီရန်သမ္မတ မာဆွတ်ဒ်ပေဇက်ရှ်ကီယံက ခေါင်းဆောင်ကြီး အလီခါမေနီ လုပ်ကြံခံရမှုအတွက် ကျူးလွန်သူတွေကို လက်တုံ့ပြန်ဖို့က အီရန်ရဲ့ တရားဝင်တာဝန်ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီး အက်ဘတ်စ် အာရက်ချီကလည်း “ကိုယ့်လူမျိုးကို ကာကွယ်ဖို့ ဘာမဆို လုပ်သွားမှာဖြစ်ပြီး ဘောင်ကန့်သတ်ထားတာ မရှိဘူး” လို့ မတ် ၁ ရက်မှာ ABC သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။

#ပြင်သစ် #အီရန် #စစ်ပွဲ #ဗြိတိန် #ဂျာမနီ #dvb