အီရန်စစ်ပွဲကြောင့် ပြည်ပဆီ လောင်စာဆီတင်ပို့ရောင်းချတာကို ထိုင်းရပ်ဆိုင်းလိုက်

ကမ္ဘာ့​ရွှေစျေးနဲ့ ရေနံစည်စျေး ဆက်တက်၊ ပြည်တွင်းရွှေစျေး ကျပ်သိန်း ၁၁၀ကျော်လာ
မတ်-၂၊၂၀၂၆။ဇော်ဝင်း /People’s Spring|


ကမ္ဘာ့​ရွှေစျေးနဲ့ ရေနံစည်စျေးတွေ ဆက်တက်နေပြီး ပြည်တွင်းရွှေစျေးလည်း တစ်ကျပ်သား ကျပ်သိန်း ၁၁၀ကျော်လာပြီလို့ ရွှေစျေးကွက်ကနေ သိရပါတယ်။
ဒီကနေ့(မတ်လ ၂ရက်) မနက်ပိုင်းမှာ ကမ္ဘာ့ရွှေ တစ်အောင်စ ၅,၃၅၇ ဒေါ်လာဖြစ်ပြီး မနေ့ကထက် ဒေါ် လာ ၁၂၀ကျော် စျေးတက်နေပါတယ်။
ကမ္ဘာ့ ရေနံစည်စျေးကွက်မှာလည်း တစ်စည်စျေးဒေါ်လာ ၇၀ ဝန်းကျင်ကနေ ဒေါ်လာ ၈၀ နီးပါးကို စျေးခုန်တက်လာပါတယ်။
အရှေ့အလယ်ပိုင်းစစ်ပွဲတွေကနေ ကမ္ဘာ့စျေးကွက်တစ်ခုလုံး တိုက်ရိုက်သက်ရောက်မှုနဲ့ သွယ်ဝိုက်တဲ့သက်ရောက်မှုတွေ ဆက်တိုက်ရှိလာလိမ့်မယ်လို့ စီးပွားရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျပ်ငွေအဆ မတန်ရိုက်ထုတ်မှုတွေကနေ ငွေကြေးဖောင်းပွမှုဆိုးရွားနေတဲ့ မြန်မာနိုင်ငံမှာလည်း ၅နှစ်ကျော် အတွင်း ပြည်တွင်းရွှေစျေးက စံချိန်တင်ဖြစ်လာတယ်လို့ ဆိုပါတယ်။
“သိန်း ၁၁၀ကျော်ပါပြီ။ကမ္ဘာ့ရွှေလည်း စံချိန်တင် တက်နေသလို ပြည်တွင်းရွှေလည်း ပထမဆုံးအကြိမ် ၁၁၀စျေးတန်း အပေါ်ရောက်လာတယ်။ အပြင်စျေးကွက်မှာတော့ ရောင်းဝယ်မှုရှိတယ်။ရွှေဆိုင်အများစုကတော့ အခေါက်ရွှေ အရောင်းပိတ်ထားတယ်”လို့ ရွှေစျေး စောင့်ကြည်သူတစ်ဦးက ပြောပါတယ်။
အလားတူ ပြည်ပကတင်သွင်းနေရတဲ့ လောင်စာဆီ အခြေအနေတွေကြောင့်လည်း ပြည်တွင်း စက်သုံးဆီနဲ့ ကုန်စည်ဝန်ဆောင်ခတွေလည်း မကြာမီ စျေးတက်လာနိုင်တယ်လို့ သိရပါတယ်။
“အီရန်က ကမ္ဘာ့ရေနံတင်ပို့မှုရဲ့အဓိကလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကိုထိန်းချုပ်ထားဆဲပဲ။ဆက်ပိတ်ထားမယ်ဆိုရင် ကမ္ဘာ့ရေနံစျေးက ထပ်တက်လိမ့်မယ်။ဒါကြောင့် ပြည်တွင်းမှာလည်း စက်သုံးဆီစျေးက မဖြစ်မနေ တက်လာတော့မယ့် အခြေအနေရှိတယ်”လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ရွှေစျေး၊စက်သုံးဆီစျေး မြင့်တက်နေတာဟာ ပြည်တွင်းအခြေအနေတစ်ခုတည်းကြောင့်မဟုတ်ဘဲ ကမ္ဘာ့ရေးရာ (Global Context) နဲ့ ပြည် တွင်းစီးပွားရေး (Domestic Economy)တို့ ရောယှက်နေတဲ့အချက်တွေကြောင့်လို့ စီးပွားရေးကျွမ်း ကျင်သူအချို့က သုံးသပ်ထားပါတယ်။
ဒါပေမယ့် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေနဲ့ ထောက်ပံ့မှုတွေရှားလာတာဟာ စစ်တပ်က ပုဂ္ဂလိက ကုန်သွယ်ရေးစနစ်တွေကို ထိန်းချုပ်တာတွေ အပြင် ပြည်တွင်းကျပ်ငွေတန်ဖိုးကျနေတာတွေက လူထုကို ပိုကြပ်တည်းလာစေတယ်လို့လည်း အသိပေးပါတယ်။
(အမေရိကန်- အီရန်စစ်ပွဲ မြင်ကွင်းအချို့။ ဓာတ်ပုံ AFP)

အီရန်စစ်ပွဲကြောင့် ပြည်ပဆီ လောင်စာဆီတင်ပို့ရောင်းချတာကို ထိုင်းရပ်ဆိုင်းလိုက်
မတ်လ- ၂ ၊၂၀၂၆ ။People’s Spring

လက်ရှိ ဖြစ်ပွားနေတဲ့ အီရန်စစ်ပွဲကို အကြောင်းပြုပြီး ပြည်တွင်း စွမ်းအင် ဖူလုံမှု ထိခိုက်မသွားအောင် ထိုင်းအစိုးရ အရေးပေါ် အစီအမံတွေ စတင် ကျင့်သုံးမယ်လို့ သိရပါတယ်။
စွမ်းအင်ဝန်ကြီး အက်ထာပို ရာပီဘွန်က လာမယ့် ရက်ပေါင်း ၆၀ စာ ကာလအတွင်း ထိုင်းနိုင်ငံမှာ စွမ်းအင်ရင်းမြစ် လုံလောက်မှု ရှိစေဖို့ ရည်ရွယ်ထားတဲ့ မူဝါဒတွေကို မတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ချက်ချင်း အသက်ဝင်စေမယ့် ဆုံးဖြတ်ချက်အရ ထိုင်းအစိုးရဟာ ဓာတ်ဆီ၊ ရေနံနဲ့ ဆက်စပ်တဲ့ ထုတ်ကုန်တွေ ပြည်ပ တင်ပို့ခွင့်ကို ရပ်ဆိုင်းစေခဲ့ပါတယ်။ ပြီးတော့ ပြည်တွင်းက ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတွေကို စွမ်းအားအပြည့်ဆုံးနဲ့ လည်ပတ်ဖို့ ညွှန်ကြားခဲ့ပါတယ်။ ထိုင်းကနေ လောင်စာဆီကို အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မြန်မာ ၊လာအို နဲ့ ကမ္ဘောဒီးယား ဝယ်ယူတာမျိုးရှိပါတယ်။
အမေရိကန်၊ အစ္စရေးတို့နဲ့ အီရန်နိုင်ငံကြား စစ်ခင်းတိုက်ခိုက်နေတဲ့ စစ်ပွဲကြောင့် ဟောမုဇ် ရေလက်ကြား ပိတ်သွားမယ့် အခြေအနေကို အကြောင်းပြုပြီး ထိုင်းအစိုးရက အခုလို ကြိုတင် ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဟောမုဇ်ဟာ နိုင်ငံတကာ ရေနံတင်ပို့မှု စုစုပေါင်းရဲ့ ငါးပုံတစ်ပုံလောက် ဖြတ်သန်းနေရတဲ့ ရေလမ်းကြောင်းပါ။
စစ်ပွဲကို အကြောင်းပြုပြီး နိုင်ငံတကာ ရေနံစျေးတွေလည်း မြင့်တက်လာနိုင်ခြေ ရှိတာကြောင့် အခု အစီအမံတွေဟာ ပြည်တွင်း ဖူလုံရေး အတွက်သာ မကဘဲ နိုင်ငံသားတွေက လောင်စာဆီစျေး အလွန်အကျွံ မြင့်တက်မှုမျိုးကနေ ခုသာခံသာ ရှိစေဖို့ပါ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
ပြီးတော့ စျေးတွေ တက်လာရင်လည်း ဆီစျေးတွေကို ဝင်ထိန်းညှိပေးဖို့အတွက် အမျိုးသား လောင်စာ ရန်ပုံငွေကို ထုတ်နုတ် သုံးစွဲဖို့လည်း အစိုးရက ပြင်ဆင်ထားပါတယ်။
ထိုင်းဟာ လက်ရှိမှာ ရေနံစိမ်းနဲ့ ချက်လုပ်ပြီးလောင်စာ လီတာ သန်းပေါင်း ၇၆၆၀ ကို လက်ဝယ်စုစည်းထားပြီး အဲဒီပမာဏဟာ လက်ရှိ အကျပ်အတည်းကို အန်တုဖို့ မဟာဗျူဟာ ကာလအဖြစ် သတ်မှတ်ထားတဲ့ ရက်ပေါင်း ၆၀ စာအတွက် ဖူလုံစေမယ်လို့လည်း ဆိုပါတယ်။
ဗြိတိန် သတင်းဌာန Daily Mailရဲ့ ဖော်ပြမှုမှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်စစ်ဆင်ရေးကို သီတင်းလေးပတ် ဝန်းကျင်လောက်မှာတင် အပြီးသတ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပါရှိခဲ့ပါတယ်။
လေးပတ်လောက် ကြာမယ်လို့ အမေရိကန်က တွက်ဆထားကြောင်း၊ အီရန်က ကြီးမားကျယ်ပြန့်တဲ့ နိုင်ငံတစ်ခု ဖြစ်တာကြောင့် အဲဒီလောက်တော့ စစ်ဆင်ရေး ကာလအတွက် အချိန်ယူဖို့လိုကြောင်း၊ လေးပတ်၊ ဒါမှမဟုတ် အဲဒီထက်လည်း ရက်ပိုနည်းချင် နည်းနိုင်ကြောင်း ထရမ့်က ပြောဆိုခဲ့ကြောင်း သိရပါတယ်။
ကိုးကား – The Nation
𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴