မြန်မာစစ်တပ်အတွက် လေယာဉ်ဆီနှင့် လက်နက်ခဲယမ်းများ ရရှိရာ ဒေါက်တိုင် အီရန်ခေါင်းဆောင် ခါမေနီ မလှမပ ဇာတ်သိမ်း (သို့မဟုတ်) နေပြည်တော် အတွက် အိပ်မက်ဆိုး
ရန်ကုန်၊ မတ် ၁

အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်သော မြန်မာအကြမ်းဖက်စစ်တပ်က လေယာဉ်ဆီနှင့် လက် နက် ခဲယမ်းများအတွက် မှီခိုအားထားခဲ့ရသော အီရန်ခေါင်းဆောင် ခါမေနီမှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အစ္စရေးနှင့်အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးကာ ဘ၀ဇာတ်သိမ်း နိဂုံးချုပ်သွားပြီဖြစ်သည်။
အယာတိုလာ အလီခါမေနီ ဘ၀ဇတ်ကြောင်း
———————————————
အီရန်နိုင်ငံကို ဆယ်စုနှစ် ၄ ခုနီးပါး အာဏာရှင်စနစ်ဖြင့် ရက်ရက်စက်စက် ဖိနှိပ်အုပ်ချုပ် သတ်ဖြတ်ခဲ့သော အီရန်၏ ခေါင်းဆောင်ကြီး ခါမေနီမှာ အသက် ၈၆ နှစ်အရွယ်တွင် ရန်သူတော် အစ္စရေးနှင့်အမေရိကန်၏ လက်ချက်ဖြင့် မလှမပ ဇာတ်သိမ်းသွားခဲ့ရပြီဖြစ်သည်။
ခါမေနီသည် ၁၉၃၉ ခုနှစ်၊ အီရန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ရှီယားမွတ်စလင်တို့၏ အထွတ်အမြတ်ထားရာ မရှတ် (Mashhad) မြို့တွင် မွေးဖွားခဲ့ပြီး နိုင်ငံရေးဘ၀အစမှာ ၁၉၇၉ ခုနှစ် တော်လှန်ရေးမတိုင်မီ ဖြစ်ပွားခဲ့သော ဘုရင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့ရာမှ စတင်ခဲ့သည်။
အီရတ်နှင့် ဖြစ်ပွားခဲ့သော သွေးထွက်သံယိုစစ်ပွဲကာလအတွင်းဖြစ်သည့် ၁၉၈၁ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အီရန် ဘာ သာရေးခေါင်းဆောင် အယာတိုလာ ရူဟော်လာ ခိုမိန်းနီ ကွယ်လွန်ပြီးနောက် ၁၉၈၉ ခုနှစ်တွင် အီရန်၏ အဓိပတိ (Supreme Leader) အဖြစ် ရွေးကောက်ခံခဲ့ရသည်။
အီရန် အဓိပတိ ခေါင်းဆောင် ဖြစ်လာပြီးနောက် ခါမေနီက အီရန်၏ စစ်တပ်နှင့် ပြည်သူ့စစ်ယန္တရားများကို ပုံဖော်ခဲ့ပြီး အနောက်ကမ္ဘာ၏ ခြိမ်းခြောက်မှုများကို ဟန့်တားရန် “ရှေ့တန်းခံစစ်” (forward defense) ဗျူဟာ၊မူဝါဒဖြင့် အနောက် အုပ်စုနှင့် အစ္စရေးကို ခုခံခဲ့သည်။ သူအာဏာရှိစဉ်ကာလတစ် လျှောက်လုံး ပြည်သူလူထုကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။
၂၀၀၉ ခုနှစ် ရွေးကောက်ပွဲအပြီး ဆန္ဒပြပွဲများ၊ ၂၀၁၉ ခုနှစ် စက်သုံးဆီဈေးကြောင့် ဖြစ်ပွားသော ဆန္ဒပြပွဲများနှင့် ၂၀၂၂ ခုနှစ် မာဆာအာမီနီ (Mahsa Amini) သေဆုံးမှုကြောင့် ဖြစ်ပေါ်ခဲ့သော ဆန္ဒပြပွဲများကို ရက်ရက်စက်စက် ပြင်းထန်စွာ နှိမ်နင်းခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့သော စီးပွားရေးအခက်အခဲကြောင့် ဆန္ဒပြပွဲများတွင် ပြည်သူနှင့်လူငယ်ထောင်သောင်းချီကို ရက်ရက် စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
ခါမေနီက “Axis of Resistance” (ခုခံရေးဝင်ရိုးတန်း) တည်ဆောက်ခဲ့ပြီး အီရန်နိုင်ငံပြင်ပရှိ ၎င်း၏ မဟာမိတ်များနှင့် လက်နက်ကိုင်အဖွဲ့များကို လက်နက်ခဲယမ်း၊ နည်းပညာနှင့် ရင်းမြစ်များ ထောက်ပံ့ပေးသည့် မဟာဗျူဟာမြောက် စီမံကိန်းကြီးကို ဖော်ဆောင်ခဲ့သည်။ လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာ (Hezbollah)၊ ပါလက်စတိုင်းရှိ ဟားမတ်စ် (Hamas)၊ ယီမင်ရှိ ဟူသီ (Houthis) နှင့် အီရတ်ရှိ အကြမ်းဖက် လက်နက် ကိုင်အဖွဲ့များကို နောက်ကွယ်မှ ပံ့ပိုးကူညီခဲ့သည်။
ရှေ့တန်းခံစစ် (Forward Defense) ဗျူဟာအဖြစ် အမေရိကန်နှင့် အစ္စရေးတို့၏ ကျူးကျော်မှုကို ဟန့် တားရန်အတွက် အဆိုပါအဖွဲ့များကို ကြားခံ (proxy) များအဖြစ် အသုံးပြု၍ အီရန်နယ်စပ်၏ အပြင်ဘက်တွင် စစ်ရေးကွန်ရက်တစ်ခု ဖြန့်ကြက်ထားခဲ့သည်။
ခါမေနီ ဖြစ်ချင်သမျှကို ၎င်း၏ အရင်းနှီးဆုံးနောက်လိုက်ဖြစ်သူ ကာဆမ် ဆိုလေမာနီ (Qassem Soleimani) က အကောင် အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့က အမေရိကန်၊ အစ္စရေးနှင့် အနောက် အုပ်စု၏ အကျိုးစီးပွားများကို နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်ခဲ့ကြသည်။ အမေရိကန်နှင့်အစ္စရေးကို ဦးတည်သော တိုက်ခိုက်မှုပေါင်းစုံကို နောက်ကွယ်မှသော်လည်းကောင်း၊ ပေါ်ပေါ်တင်တင်သော်လည်း ကောင်း လုပ်ဆောင်ခဲ့သူဖြစ်သည်။
အာဏာသိမ်း မြန်မာအကြမ်းဖက် စစ်တပ်နှင့်ဆက်ဆံရေးထူထောင်ခြင်း
——————————————————————–
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်က ပြည်တွင်းတွင် ဖြစ် ပွား နေသော လက်နက် ကိုင် တော်လှန်ရေးကို နှိမ်နင်းရန်အတွက် အနောက် အုပ်စု၏ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုခံနေရသောကြောင့် လေယာဉ်ဆီ၊ လက်နက်ခဲယမ်းများ ရရှိရန် အလွန်ခက်ခဲခဲ့သည်။
ထိုပြဿနာကို ကျော်လွှားနိုင်ရန် အီရန်နိုင်ငံသည် မြန်မာစစ်တပ်အတွက် လေယာဉ်ဆီနှင့် လက်နက်ခဲယမ်းများ ရယူရန်ရာ နေရာတစ်ခုဖြစ်ခဲ့ပြီး မြန်မာစစ်တပ်က အီရန်နှင့် ဆက်ဆံရေး ထူထောင်ရန် ကြိုးပမ်းခဲ့သည်။
၂၀၂၄ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် မြန်မာစစ်တပ်၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေက အီရန် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအလီဘာဂယ်ရီကာနီကို အီရန်နိုင်ငံ၊ တီဟီရန်မြို့အထိ သွားရောက် တွေ့ဆုံခဲ့သည်။
၁၉ ကြိမ်မြောက် အာရှပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာဆွေးနွေးပွဲအဖွဲ့(အေစီဒီ)၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်ရင်း စစ် တပ်၏ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေက အီရန်နိုင်ငံခြားရေးဝန်ကြီးကို တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံပွဲတွင် မြန်မာ-အီရန် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက် ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေး၊ ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များဆွေးနွေးခဲ့ပြီး မြန်မာဘက်မှ စွမ်းအင်ဝန်ကြီးဌာနအရာရှိကြီးများ လိုက်ပါခဲ့သည်။
မြန်မာစစ်တပ်က အီရန်ထံမှ လေယာဉ်ဆီများ လျှို့ဝှက် ဝယ်ယူခြင်း
——————————————————————
အီရန်နိုင်ငံက မြန်မာစစ်တပ်ထံသို့ လေယာဉ်ဆီများ လျှို့ဝှက် တရားမဝင်တင်ပို့နေပြီး ၁ နှစ်ကျော် ကာလအတွင်း လေယာဉ်ဆီတန်ချိန် ၁၇၅၀၀၀ ခန့် သင်္ဘောဖြင့် တင်ပို့ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ယခုနှစ် ဇန်နဝါရီလအတွင်း စုံစမ်းဖော်ထုတ်ခဲ့သည်။
၂၀၂၄ ခုနှစ် အောက်တိုဘာမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာအထိ အီရန်က မြန်မာစစ် တပ်သို့ လေ ယာဉ်ဆီလောင်စာ တန်ချိန် ၁၇၅,၀၀၀ ခန့်ကို သင်္ဘော ၉ ကြိမ် ဖြင့် ပို့ဆောင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့သည့် သင်္ဘောများမှာ Reef နှင့် Noble ဟု အမည်ရသည့် သင်္ဘောများဖြစ်ပြီး ခရီးလမ်းကြောင်းကို အီလက်ထရောနစ်နည်းဖြင့် လိမ်ညာ(spoofing)ဖော်ပြကာ အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများကို ရှောင်လွှဲခဲ့ကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့ အီရန်နိုင်ငံမှ လေယာဉ်ဆီတန်ချိန် ၁၆,၀၀၀ ကျော် တင်ဆောင်လာသော သင်္ဘောတစ်စီးက အီလက်ထရောနစ် ခြေရာဖျောက်နည်းလမ်းများ အသုံးပြုကာ လျှို့ဝှက်တင်ချပြီး နိုင်ငံသို့ ပြန် လည်ထွက်ခွာခဲ့ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက စုံစမ်းဖော်ထုတ်ခဲ့သည်။
ထို့အပြင် အီရန်နိုင်ငံက ယူရီးယား (Urea) ကိုလည်း မြန်မာနိုင်ငံသို့ တင် ပို့ပေးနေပြီးယင်း ယူရီးယားကို မြန်မာစစ်တပ်က ဒရုန်းဗုံးများ၊ လေကြောင်းတိုက် ခိုက်ရေး ဗုံးများ အပါ အဝင် လက်နက်ခဲယမ်းများ ထုတ်လုပ်ရာတွင် အသုံးပြုခဲ့သည်။
အီရန်လေယာဉ်များ၏ နေပြည်တော် လျှို့ဝှက် ခရီးစဉ်များ
——————————————————–
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ အီရန်ကုန်တင်လေယာဉ်များနှင့် အီရန် ကိုယ်စားလှယ်အဖွဲ့များ လာရောက်ခဲ့ကြောင်း နေပြည် တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
နိုင်ငံတကာက လက်နက်ရောင်းချမှု ပိတ်ပင်ခံထားသည့် မြန်မာစစ်တပ်က အီရန်လက်နက်များကို ဝယ်ယူခြင်းဖြင့် လျှို့ဝှက်ပူးပေါင်းဆောင်ရွက်နေခဲ့သည်ဆိုသော သုံးသပ်ချက်များပေါ်လာကြောင်း ထိုအချိန်ကအခြေအနေကို Asia Times မဂ္ဂဇင်းက ရေးသားဖော်ပြခဲ့သည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အီရန်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ၊ နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး ယင်းသို့ ရောကရှိမှုမှာ ဒုတိယ သို့မဟုတ် တတိယအကြိမ်မြောက်ဖြစ်ကြောင်း ဒေသတွင်းသံတမန်များကို ကိုးကား၍ Asia Times မဂ္ဂဇင်းက ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သတင်းဖော်ပြခဲ့သည်။
ဇန်နဝါရီလ ၁၃ ရက်နေ့ လေကြောင်းပျံသန်းမှု မှတ်တမ်းများအရ အီရန်ပိုင် Qeshm Fars ကုန်တင်လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး နေပြည်တော်သို့ လာရောက်ခဲ့ပြီး နောက်တစ်ရက်တွင် အီရန်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။
နေပြည်တော်သို့ အီရန် ကုန်တင်လေယာဉ်များ မကြာဃဏ လာရောက်ခဲ့သော်လည်း စစ်တပ်ရော အီရန်ကပါ သတင်းမထုတ်ပြန်ခဲ့ကြပေ။ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြသော အီရန်ကိုယ်စားလှယ်အဖွဲ့မှာလည်း အီရန်တော်လှနရေးအစောင့်တပ်နှင့် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များဖြစ်ကြောင်း Asia Times က ရေးသားခဲ့သည်။
သုံးသပ်ချက်
—————
မည်သို့ပင်ဆိုစေကာမူ အာဏာရှင် အီရန် ခေါင်းဆောင် ခါမေနီသေဆုံးမှုသည် မြန်မာစစ်တပ်အတွက် လေယာဉ်ဆီနှင့် လက်နက်ခဲယမ်းရရှိရာ နေရာတစ်ခု ဆုံးရှုံးခဲ့ရသည်ထက် ပိုမိုသည်ဟု ဆိုနိုင်သည်။
အီရန်၏ အာဏာရှင်ကြီး ခါမေနီ မလှမပ အသေဆိုးဖြင့် သေဆုံးမှုသည် စစ်အာဏာရှင်စနစ်ကို ထူထောင်ရန် ကြိုးစားနေသော နေပြည်တော်မှ မင်းအောင်လှိုင်နှင့်စစ်တပ်အတွက်လည်း အိပ်မက်ဆိုးနှင့် သင်ခန်းစာဆိုးတစ်ရပ် ဖြစ်နေသည်မှာ အသေအချာပင်ဖြစ်သည်။