စစ်မှုထမ်း ပိုမိုဖမ်းဆီးမဲ့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အစည်းအဝေး မတ်လ ၃ ရက်နေ့မှာ ပြုလုပ်မယ်
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၈/၂၀၂၆
စစ်မှုထမ်းဖို့ လူငယ်တွေကို ပိုမိုဖမ်းဆီးနိုင်ရေးနဲ့ စုဆောင်းမှု လူအရေအတွက် ရာတားချက် ပြည့်မီ နိုင်ရေးအတွက် ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ အစည်းအဝေး လာမဲ့ မတ်လ ၃ ရက် အင်္ဂါနေ့မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ မင်္ဂလာခန်းမတွင် ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
ဒီအစည်းအဝေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုယ်စား ညွှန်ကြားရေးမှူး ဝင်းဇော်နိုင်က ဖိတ်ကြားထားပြီး စစ်မှုထမ်းဖို့ လူတွေကို ပိုမိုဖမ်းဆီးနိုင်ရေးအတွက် လုပ်ငန်းညှိနိုင်းမဲ့ အစည်းဖြစ်တယ်လို့ အမည်မဖော်လိုသူ အစိုးရ အဖွဲ့အစည်းနဲ့ နီးစပ်သူ တစ်ဦးက နိရဉ္စရာကို ပြောပါတယ်။
“ သားယောကျ်ားရှိတဲ့ မိဖတိုင်း သတိထားရမဲ့ အနေအထားရှိနေတယ်။ ရှေ့မှာ စစ်မှုထမ်းဖို့ အတွက် လူငယ်တွေကို ပေါ်တာပိုပြီး ဆွဲနိုင်တယ်။ ဒီအတွက် အစည်းအဝေးကို လာမယ့်မတ်လ ၃ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်တယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးစိုးသိန်းကိုယ်တိုင်တက်ရောက်မယ်။ နောက်ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းထွန်းဦးလည်း တက်ရောက်မယ်။ ရှေ့မှာ ပိုကြမ်းမဲ့ အနေအထားမျိုးလို့ သုံးသပ်လို့ ရပါတယ်” လို့ပြောပါတယ်။
ဒါ့အပြင် ဗိုလ်မှူးကြီးဝင်းတင့် ( လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး/ ရန်ကုန်တိုင်း ဒေသကြီး)၊ ဗိုလ်မှူးကြီး သိန်းထိုက်ဦး (ဦးစီးဗိုလ်မှူးကြီးစစ်ရေး/ရန်ကုန်တိုင်းစစ်ဌာနချုပ်)နဲ့ ရဲချုပ်ကိုကိုလွင် (ရန်ကုန်တိုင်း)တို့လည်း တက်ရောက်ကြမှာဖြစ်တယ်လို့ ဆိုပါတယ်။
“ ဒီအစည်းအဝေးက တကယ့်အရေးကြီးတဲ့ အစည်းအဝေး။ တိတိကျကျ မပြောနိုင်သေးပေမဲ့ (ကျား) အသက် ၁၉ နှစ်ကနေ ၄၅ နှစ်ကြားထိကို စစ်မှုထမ်းဆင့်ခေါ်မယ်လို့သတင်းတွေထွက်နေတယ်။ အမျိုးသမီးစစ်မှုထမ်းတွေ ခေါ်မဲ့ကိစ္စလည်း ဒီအစည်းအဝေးမှာ ဆွေးနွေးမယ်။ ဒါ့ပြင် စစ်မှုထမ်းတွေ ခေါ်တဲ့နေရာမှာ လာဒ်ပေးလာဒ်ယူမှုတွေ ပေါ်ပေါက်နေတာတွေကိုလည်း ထိထိရောက် အရေးယူမယ်လို့ ကြားပါတယ်။”
ဒီအစည်းအဝေးကို ခရိုင်နဲ့ မြို့နယ်အဆင့် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌတွေ အဖွဲ့ (၁)တွေကို ဖိတ်ခေါ်ထားတဲ့အပြင် ဦးဌေးအောင် (လူမှုရေးရာဝန်ကြီး/ရန်ကုန်တိုင်း ဒေသကြီး) ၊ ဒေါ်ဖြူမာဝေ (တိုင်းဒေသကြီး ဥပဒေချုပ်)၊ ဦးနေဝင်းအောင် (အတွင်းရေးမှူး/ရန်ကုန်တိုင်းဒေသကြီး) ၊ နဲ့ ဦးမောင်မောင်သန်း (လ၀ကမှူး/ရန်ကုန်တိုင်းဒေသကြီး)တို့ကိုလည်း ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ ပတ်သက်ပြီး ရပ်ကွက်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတွေကို သတင်းမှားနဲ့ မမှန်မကန်တိုင်ကြားမှုတွေကို အရေးယူမယ်လို့ အကြမ်း ဖက်စစ်တပ်ရဲ့ စစ်မှုထမ်းဆင့် ခေါ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ် မောင်မောင်အေးက ဖေဖော်ဝါရီ ၂၆ ရက်နေ့က ခြိမ်းခြောက် ပြောဆိုမှု ထွက်ပေါ်လာပြီးနောက် အခု အစည်းအဝေးကို ပြုလုပ်ဖို့ စီစဉ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်နေ့က ပြုလုပ်တဲ့ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ အစည်းအဝေး အမှတ် (၁/ ၂၀၂၆)မှာ ဗိုလ်ချုပ် မောင်မောင်အေးက နိုင်ငံကာကွယ်ရေးအတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိပြီး ဥပဒေအရ အသက်သတ်မှတ်ချက်နဲ့ ကိုက်ညီအကျုံးဝင်သူတွေ အားလုံး စစ်မှုထမ်း တာဝန် ထမ်းဆောင်ရမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
နောက်ထပ် ရန်ကုန်ဒေသခံ တစ်ဦးက “ အခု ရက်ပိုင်းတွေမှာ ပေါ်တာဆွဲတာ၊ စစ်မှုထမ်းဖို့ ဖမ်းဆီးတာ ပိုများလာတယ်။ အထူးသဖြင့် ပန်းရံဆိုက်တွေနဲ့ မြို့စွန်တွေမှာ အဖမ်းများတယ်။ မြို့ထဲမှာလည်း ဖမ်းဆီးတာတွေဆက်တိုက်ရှိတယ်။ အထူးသဖြင့် အချိန်မတော်သွားလာတာတွေ တွေ့ရင် ချက်ချင်း ဆွဲခေါ်သွားတာမျိုးတွေရှိနေပါတယ်”လို့ နိရဉ္စရာကို ပြောပါတယ်။
အခုလို စစ်မှုထမ်းဆွဲခေါ်ရာမှာ ရခိုင်လူငယ်တွေကို အဓိက ပစ်မှတ်ထားနေပြီး များမကြာမီကလည်း ရန်ကုန်မှာ စစ်ဘေးရှာင်ရင်း ဒဂုံတက္ကသိုလ် တက်နေသူ အသက် ၁၉ နှစ် အရွယ် ရခိုင်လူငယ် တစ်ဦးအား စစ်မှုထမ်းဖို့ ဖမ်းခေါ်သွားတဲ့ အတွက် မိခင်ဖြစ်သူမှာ မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေတယ်လို့ သူတို့ရဲ့ အသိတစ်ယောက် နိရဉ္စရာသတင်းဌာနကို ပြောပါတယ်။
ရန်ကုန်ကို စစ်ရှောင်လာတဲ့ ရခိုင် လူငယ်တွေနဲ့ အလုပ်လုပ်ဖို့ လာတဲ့ ရခိုင်လူငယ် ထောင်နဲ့ ချီပြီး အတင်းဓမ္မဖမ်းဆီးကာ စစ်မှုထမ်းဖို့ ပို့ဆောင်ခံထားရပြီး မိသားစုတွေအနေနဲ့ ဖွင့်ဟ မပြောဆိုရဲဘဲ ဖြစ်နေကြရတယ်လို့ သူရဲ့ အပြောအရ သိရပါတယ်။
စစ်မှုထမ်းသင်တန်း အမှတ် (၁၉) အထိ ရောက်ရှိလာပြီး သင်တန်းဆင်း စစ်မှုထမ်းအရေအတွက် တစ်သိန်းကျော်သွားပြီဖြစ်ကာ ထွက်ပြေးသူနဲ့ သေဆုံးသူ အရေအတွက်မှာလည်း အနည်းဆုံး သောင်းဂဏန်းနေပြီတယ်လို့ ခိုင်လုံ စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေအရ သိရပါတယ်။
ဒီသတင်း ကောင်မန့်ရဲ့ လင့်ထဲကနေလည်း ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်>>>
ပုံစာ- ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆)/ MOI