စက်မှုဇုန်နှင့် ဇုန်ပြင်ပ လုပ်ငန်းများ တယူနစ် ၉၀၀ ကျပ် သတ်မှတ်
ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၂၆
စက်မှုဇုန်၊ အထူးစီးပွားရေးဇုန်များနှင့် ဇုန်ပြင်ပရှိ စီးပွားရေးလုပ်ငန်းများ၂၄ နာရီ လျှပ်စစ်ဓာတ်အား ရယူလိုကြောင်း တင်ပြလာပါက တယူနစ် ၉၀၀ ကျပ်ဖြင့် မီးပေးမည်ဟု စစ်ကော်မရှင်က ယနေ့ထုတ်ပြန်သည်။
သဘာဝဓာတ်ငွေ့ရည်သုံး ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားကို တိုက်ရိုက်လိုင်းဖြင့် ဓာတ်အားပေးနိုင်သည့် စက်မှုဇုန်၊ အထူးစီးပွားရေးဇုန်အတွင်း အိမ်သုံးမဟုတ်သောနှုန်းထားဖြင့် ကောက်ခံနေသော သုံးစွဲသူများထံ ဓာတ်အားလိုင်းနှင့် ဓာတ်အားစနစ်ပြတ်တောက်မှုမှအပ လျှပ်စစ်ဖြတ်တောက်မှု မပြုလုပ်ဘဲ၂၄ နာရီ သီးခြားဓာတ်အားပေးမည်ဖြစ်ပြီး ယင်းအတွက် တယူနစ်လျှင် ၉၀၀ ကျပ်ကောက်ခံသွားမည် ဖြစ်သည်။
ထို့ပြင် ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လုပ်နိုင်မှုနှင့် ဓာတ်အား သယ်ဆောင်နိုင်မှုအပေါ်မူတည်၍ ပုံမှန်ဓာတ်အား ပို့လွှတ် ဖြန့်ဖြူးနေသော အများပြည်သူနှင့် စက်မှု/စီးပွားရေးလုပ်ငန်းကောက်ခံနေသည့်နှုန်းထားကိုမူ ပြောင်းလဲမှုမရှိဘဲ ဆက်လက်ကောက်ခံသွားမည်ဟု စစ်ကော်မရှင်က ဆိုသည်။
၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီးကို ၂ နာရီ၊ ၄ နာရီ စသဖြင့် အချိန်ပိုင်းသာရရှိခဲ့ရာ စက်မှုလုပ်ငန်းများမှာ မီးစက်၊ ဆိုလာအစားထိုး သုံးစွဲရပြီး ထိုအခြေအနေနှင့် ယှဉ်ပါက ယခု ၂၄ နာရီ တယူနစ် ၉၀၀ ကျပ်သည် မီတာခ တွက်ခြေကိုက်သော်လည်း လုပ်ငန်းအခြေအနေပေါ်မူတည်၍ ကုန်ကျစရိတ်ကွာခြားမှု ရှိနိုင်ကြောင်း လုပ်ငန်းရှင်တချို့က ဧရာဝတီသို့ ပြောထားသည်။
ဓာတ်ပုံ-ဧရာဝတီ(ပုံဟောင်း)
#WhatsHappeningInMyanmar
#RejectMilitaryCoup