ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးအသစ်ထံသို့ AA စစ်ဦးစီးချုပ်က သဝဏ်လွှာပေးပို့ကာ ရိုဟင်ဂျာအရေးနှင့် နှစ်ဖက်ချစ်ကြည်ရေး လမ်းစသစ်ဖော်ဆောင်ရန် ကမ်းလှမ်း

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးအသစ်ထံသို့ AA စစ်ဦးစီးချုပ်က သဝဏ်လွှာပေးပို့ကာ ရိုဟင်ဂျာအရေးနှင့် နှစ်ဖက်ချစ်ကြည်ရေး လမ်းစသစ်ဖော်ဆောင်ရန် ကမ်းလှမ်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အသစ်ခန့်အပ်ခံရသော နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခလီလ်လာ ရာမန် (Dr. Khalilur Rahman) ထံသို့ ရက္ခိုင့်တပ်တော် (AA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး၊ ရိုဟင်ဂျာအရေးနှင့် နှစ်ဖက်ဆက်ဆံရေး လမ်းစသစ်များအတွက် ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းလိုက်ကြောင်း သိရသည်။
ရက္ခိုင်ပြည်အမျိုးသားအဖွဲ့ချုပ် (ULA) ဥက္ကဋ္ဌနှင့် ရက္ခိုင့်တပ်တော် (AA) ၏ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးသစ်ထံသို့ ပထမဆုံးအကြိမ်အဖြစ် တရားဝင် ဂုဏ်ပြုလွှာ ပေးပို့ခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ သဝဏ်လွှာတွင် ဘင်္ဂလားဒေ့ရှ်နှင့် ရက္ခိုင်ပြည် (Arakan) အကြား ချစ် ကြည်ရေးလမ်းစသစ်ကို ဖော်ဆောင်ရန် အခွင့်အလမ်းကောင်းတစ်ရပ် ရောက်ရှိနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ “လက်တွေ့ကျပြီး ရေရှည်တည်တံ့ကာ အမှန်တကယ် ဖြစ်နိုင်ခြေရှိသည့် ဖြေရှင်းချက်များ” (Practical, sustainable and realistic solutions) ကို မျှော်လင့်ကြောင်း အလေးပေး ပြောကြားခဲ့သည်။
ယခု သဝဏ်လွှာမှာ ရခိုင်ပြည်နယ်အတွင်း နယ်မြေအများအပြားကို ထိန်းချုပ်ထားသည့် AA အနေဖြင့် ရိုဟင်ဂျာအကျပ်အတည်းကို ဖြေရှင်းရန် ဘင်္ဂလားဒေ့ရှ်အစိုးရသစ်နှင့် လက်တွဲဆောင်ရွက်လိုသည့် အဆင်သင့်ရှိမှုကို ပြသခြင်းဖြစ်သည်ဟု သုံးသပ်ရသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ မြန်မာအကြမ်းဖက်စစ်တပ်၏ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေထံမှလည်း ဂုဏ်ပြုလွှာ ရရှိခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခလီလ်လာ ရာမန်ကလည်း ရိုဟင်ဂျာအရေးအတွက် မြန်မာစစ်တပ်၊ ရက္ခိုင့်တပ်တော် (AA) နှင့်ပါ ဆက်သွယ်ဆောင်ရွက်မှုများ ရှိနေကြောင်း အတည်ပြုထားသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက “မြန်မာအာဏာပိုင်တွေနဲ့ AA ဘက်က အခုလို သဝဏ်လွှာတွေ ပေးပို့လာတာဟာ ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီး၊ ဒါဟာ ဘင်္ဂလားဒေ့ရှ် အစိုးရအသစ်အပေါ် သူတို့ရဲ့ ယုံကြည်မှုကို ပြသတာဖြစ်သလို တွေ့ဆုံဆွေးနွေးမှုတွေကတစ်ဆင့် ငြိမ်းချမ်းတဲ့ ဖြေရှင်းချက်တွေကို ဖော်ဆောင်ဖို့ အားပေးရာရောက်ပါတယ်” ဟု ဆိုသည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်အစိုးရသည် ရိုဟင်ဂျာပြဿနာကို ရေရှည်တည်တံ့စွာ ဖြေရှင်းနိုင်ရန်အတွက် ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့်ပါ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။