■ ပုဏ္ဏားကျွန်း ဗုံးကြဲခံရမှု သေဆုံးသူများထဲတွင် အသက်မပြည့်သေးသည့် ကလေး ၄ ဦးပါဝင်ပြီး ဒဏ်ရာရသူများထဲတွင် ကလေး ၃ ဦးပါဝင်
(ကျောက်ဖြူတွင်လည်း စစ်ရှောင်စခန်းကို စစ်ကောင်စီက ဒရုန်းနှင့် ဗုံးကြဲ၍ ပြည်သူ ၂ ဦး ဒဏ်ရာရ)
Western News| ဖေဖော်ဝါရီ ၂၅
ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော ယိုးငူကျေးရွာကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက် နေ့လယ် ၂ နာရီကျော်အချိန်တွင် အာဏာသိမ်း စစ်ကောင်စီမှ ပေါင် ၅၀၀ ဗုံးများဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ယိုးငူကျေးရွာက ဈေးဆိုင်တန်းများကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးပိုင်း စုစုပေါင်း ၁၇ ဦးသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၅ ဦးရှိခဲ့ကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်ထားသည်။
AA ထုတ်ပြန်ချက်အရ သေဆုံးသူ ၁၇ ဦးထဲတွင် အသက်မပြည့်သေးသည့် ကလေးငယ် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၃ ဦး စုစုပေါင်း ၄ ဦး ပါဝင်ပြီး ယင်းအထဲက ၁ ဦးမှာ အသက် ၆ နှစ်ပဲ ရှိသေးကြောင်း သိရသည်။
ဒဏ်ရာရရှိသူ ၁၅ ဦးထဲတွင်လည်း အသက်မပြည့်သေးသည့် ကလေးငယ် အမျိုးသမီး ၃ ဦးပါဝင်ပြီး တစ်ဦးက အသက် ၄ နှစ်၊ နောက်နှစ်ဦးက အသက် ၆ နှစ်နှင့် အသက် ၇ နှစ်သာ ရှိသေးကြောင်း သိရသည်။
ဒဏ်ရာရရှိသူများအား အရေးပေါ်ဆေးကုသမှု ပေးနေရပြီး ဒဏ်ရာပြင်းထန်၍ အသက်အန္တရာယ် စိုးရိမ်ရသူများလည်း ပါဝင်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသည့် စာရေးဆရာ ကိုဝေဟင်အောင်က ပြောသည်။
စစ်မြေပြင်တွင် အာရက္ခတပ်တော် AA ကို တိုက်ခိုက်၍ မနိုင်သည့်အချိန် ပြည်သူဘက်ကို လှည့်လာပြီး ရန်သူကဲ့သို့ သဘောထား၍ စစ်ကောင်စီက အကြမ်းဖက် တိုက်ခိုက်မှု လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကိုဝေဟင်အောင်က ဆက်လက်ပြောသည်။
“ဒီရက်ပိုင်း ရခိုင်စစ်မျက်နှာတွေမှာ စစ်ကောင်စီဘက်က အသေအပျောက် တော်တော်များတယ်ဗျ။ ရှင်းရှင်းလင်းလင်း ပြောမယ်ဆိုရင် AA ကို စစ်မြေပြင်မှာ မနိုင်တော့ AA ဘက်မှာ နေကြတဲ့ ပြည်သူတွေကို ရန်သူလို သဘောထားပြီး လာရောက် သတ်တာဖြစ်တယ်။ အကြမ်းဖက်သမားကတော့ အကြမ်းဖက်သမား ဗီဇ ပီပီ လာရောက် ယုတ်မာတာ ဖြစ်တယ်ဗျ” ဟု ပြောသည်။
ယမန်နေ့ ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူကျေးရွာတွင် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များ၊ အမျိုးသမီးများနှင့် အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့်အပြင် ဈေးဆိုင်ခန်းများ၊ လူနေအိမ် အများအပြားလည်း မီးလောင်ရှုံးခဲ့ရကြောင်း သိရသည်။
အာရက္ခတပ်တော် AA ၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အဖွဲ့၏ HDCO လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးက စစ်ကောင်စီအနေဖြင့် လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း ပြောသည်။
“စစ်ရေးနဲ့ လုံးဝ သက်ဆိုင်ခြင်းမရှိတဲ့ ကျေးရွာတွေအတွင်းသို့ နေ့ခင်းကြောင်တောင် ဗုံးကြဲတိုက်ခိုက်တာက နိုင်ငံတကာစစ်ရာဇဝတ်မှု War Crimes နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု Crimes against Humanity ကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ ဂျီဗာကွန်ဗင်းရှင်ပါ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ရမယ့် အခြေခံမှုတွေကို ဗြောင်ကျကျ ချိုးဖောက်တာပဲ ဖြစ်ပါတယ်” ဟု HDCO ရုံးက ပြောသည်။
မြန်မာစစ်တပ်မှ ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်လုပ်ရပ်ကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်းလည်း HDCO က ထုတ်ပြန်သည်။
“HDCO အနေနဲ့ ထိခိုက်၊ သေဆုံးသွားရတဲ့ မိသားစုဝင်တွေနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါတယ်။ လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေကို အခြားသော သက်ဆိုင်ရာ အာရက္ခဌာနတွေနဲ့ ပူးပေါင်းပြီး အမြန်ဆုံး စီမံဆောင်ရွက်လျက်ရှိနေပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့လည်း စစ်ကော်မရှင်ရဲ့ ဒီလို အကြမ်းဖက် လုပ်ရပ်တွေကို ဟန့်တားနိုင်ဖို့ ထိရောက်စွာ အရေးယူဆောင်ရွက်ပေးဖို့ အလေးအနက်ထား တောင်းဆိုအပ်ပါတယ်” ဟု HDCO က တောင်းဆိုထားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်လည်း ကျောက်ဖြူမြို့နယ် င/အုပ်ကျေးရွာအနီးရှိ စစ်ဘေးရှောင်များ နေထိုင်ရာ စခန်းကို စစ်ကောင်စီမှ အသေခံဒရုန်းများဖြင့် လာရောက် ဗုံးကြဲခဲ့၍ အပြစ်မဲ့ အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကလည်း ရခိုင်ပြည် ရမ်းဗြဲမြို့နယ် သရက်ချိုကျေးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ၂ ဦး သေဆုံးခဲ့ရပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရသည်။
ဖေဖော်ဝါရီလ ၁၅ ရက် ညနေပိုင်းတွင်လည်း ကျောက်ဖြူမြို့နယ် ဝမြောင်နှင့် ငါးအုပ်ကျေးရွာတို့ကို ပင်လယ်ပြင်မှာ ရပ်နားထားသော စစ်ကောင်စီ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ အမျိုးသမီး ၂ ဦး သေဆုံးကာ ဒဏ်ရာရရှိသူ ၁၁ ဦးရှိခဲ့သည်။
ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၅ နာရီအချိန်ကလည်း ကျောက်ဖြူမြိုနယ်၊ ကျောက်ကလေရွာကို စစ်ကောင်စီနေဗီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျောက်ပြောက်ရွာမှ စစ်ဘေးရှောင် အသက် ၈၀ အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ရသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ ညတွင်လည်း မြောက်ဦးမြို့နှင့် ကျောက်တော်မြို့ပေါ်က လူနေရပ်ကွက်များကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူ ၇ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၁၆ ဦး ရရှိခဲ့သည်။
ဇန်နဝါရီလ ၃၀ ရက်နေ့တွင်လည်း စစ်ကောင်စီနေဗီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျောက်ဖြူမြိုနယ်၊ ဇင်ချောင်းကုန်ဘွေရွာမှ အမျိုးသား ၁ ဦး သေဆုံးခဲ့ရသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက် ည ၈ နာရီ အချိန်တွင်လည်း သံတွဲမြို့နယ်၊ ငပလီမြို့ လူနေရပ်ကွက်များကို အာဏာသိမ်း စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အသက်မပြည့်သေးသည့် ကလေးငယ် ၄ ဦးအပါအဝင် သေဆုံးသူ ၉ ဦးအထိ ရှိခဲ့သည်။
ယင်းအပြင် ဒီဇင်ဘာလ ၁၀ ရက် ညပိုင်းကလည်း မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးကို ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကျန်းမာရေးဝန်ထမ်းများ အပါအဝင် လူနာ စုစုပေါင်း ၃၃ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇၇ ဦးအထိ ရှိခဲ့သည်။
ပုံစာ – ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက် နေ့လယ် ၂ နာရီအချိန်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့သော ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူကျေးရွာမှ အပျက်အစီးများနှင့် ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးသူများအား တွေ့ရစဉ်။ (ဓါတ်ပုံ – Ponnagyun Youths Association – PYA, AA)

