ဆေးဘက်ဝင်သည်ဆိုကာ မြန်မာအမျိုးသမီးငယ်များကို တရုတ်ဘက်က ဈေးကောင်းပေးဝယ်ယူနေ

ဆေးဘက်ဝင်သည်ဆိုကာ မြန်မာအမျိုးသမီးငယ်များကို တရုတ်ဘက်က ဈေးကောင်းပေးဝယ်ယူနေ
မဲခေါင်၊ ဖေဖော်ဝါရီ ၂၄
တရုတ်အမျိုးသားအချို့က မြန်မာအမျိုးသမီးငယ်များကို ဆေးဘက်ဝင်သည်ဟူသော အယူအဆဖြင့် ဈေးကောင်းပေးဝယ်ယူနေသဖြင့် လူပွဲစားများက အလုပ်ရမည်ဟု မြူဆွယ်ကာ မူဆယ်မှ တဆင့် တရုတ်ဘက်သို့ ရောင်းစားနေကြကြောင်း သတင်းရင်းမြစ်များက ပြောသည်။
အသက် ၂၃ နှစ်အောက် မြန်မာအမျိုးသမီးတစ်ဦးလျှင် တရုတ်ယွမ် ၃ သောင်းမှ ၆ သောင်းအထိ ဈေးပေါက်နေပြီး၊ ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက် လှပပါက ပိုမိုဈေးရရှိကြောင်း ရွှေလီရောက် မြန်မာစာရေးဆရာတစ်ဦးက မဲခေါင်သို့ပြောသည်။
“မြန်မာမိန်းကလေးတွေကို ဝယ်လက်တွေက အသက် ၂၃ နှစ်အောက်ဆိုရင် ကြိုက်ကြတယ်။ ၃၀ ကျော်ရင်တော့ မကြိုက်တော့ဘူး။ ဗိုက်ခွဲမွေးထားတဲ့ ချုပ်ရိုးရာပါရင်လည်း မယူကြဘူး။ ရွှေလီပတ်ဝန်းကျင်မှာ ယွမ် ၃ သောင်းတန်ကတော့ ကောင်မလေး ထွက်ပြေးရင် တာဝန်မယူတဲ့ဈေး၊ ယွမ် ၆ သောင်းပေးရင်တော့ ထွက်ပြေးခဲ့ရင် နောက်တစ်ယောက် အစားပြန်ပေးရတယ်” ဟု ၎င်းက ဈေးကွက်အခြေအနေကို ရှင်းပြသည်။
လူပွဲစားများသည် မိန်းကလေးများကို စုစည်းထားပြီး ဝယ်လက်များထံသို့ ဗီဒီယိုနှင့် ကိုယ်လုံးပေါ်ဓာတ်ပုံများ ပေးပို့ကာ ရွေးချယ်ခိုင်းလေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။
“ကြိုက်ပြီဆိုရင် လူသွားပြရတယ်။ တစ်ခါတည်း အဆင်ပြေရင် ငွေချေကြတာပဲ။ ဝယ်လက်အများစုက ၂၃ နှစ်အောက်ဆိုရင် ဆေးဘက်ဝင်တယ်ဆိုပြီး ပိုကြိုက်ကြတယ်။ ၁၇ နှစ်၊ ၁၈ နှစ်ဆိုရင် ဈေးအကောင်းဆုံးပဲ။ ပွဲစားအများစုကတော့ တရုတ်လောပန်းတွေနဲ့ ညားနေတဲ့ မြန်မာအမျိုးသမီးတွေ ဖြစ်တာများတယ်” ဟု ယင်းစာရေးဆရာက ဆက်ပြောသည်။
လူပွဲစားများသည် မိန်းကလေးများကို ခိုးပေါက်များမှတစ်ဆင့် တရုတ်ဘက်သို့ ပို့ဆောင်ပေးသလို၊ ပြန်ဝင်ချင်သူများကိုလည်း ခိုးပေါက်မှပင် စီစဉ်ပေးပြီး တစ်ဦးလျှင် ယွမ် ၂,၅၀၀ ခန့် ယူကြောင်း လက်ရှိတွင် တရုတ်ပြည်မကြီးအတွင်း ပိတ်လှောင်နှိပ်စက်ခံထားရသည့် မြန်မာမိန်းကလေးတစ်ဦးကို ကူညီနိုင်ရန် ကြိုးပမ်းနေသူတစ်ဦးထံမှ သိရသည်။
ရွှေလီဘက်တွင် ယင်းကဲ့သို့ ရောင်းစားခံရပြီး အနှိပ်ခန်းများတွင် ဘဝဆုံးနေရသည့် အမျိုးသမီးငယ်များစွာ ရှိနေသဖြင့် အလုပ်အကိုင်အတွက် အဆင်ခြင်မဲ့ မလာကြရန် ရွှေလီရောက် မြန်မာစာရေးဆရာတစ်ဦးက အကြံပြုထားသည်။
ယခင်ကလည်း အလုပ်ရမည်ဟု လိမ်ညာကာ မိခင်ဖြစ်သူနှင့်အတူ ရွှေလီသို့ လိုက်ပါလာပြီးမှ ရောင်းစားခံရသည့် အမျိုးသမီးငယ်တစ်ဦးကိုလည်း ပွဲစားများ၏ ခြိမ်းခြောက်မှုကြားမှ ပြည်တွင်းသို့ ပြန်လည်ရောက်ရှိအောင် ကူညီပေးခဲ့ရဖူးကြောင်း ၎င်းက ဆိုသည်။
ယခင်က နယ်စပ်ဒေသများတွင် တိုင်းရင်းသားအမျိုးသမီးငယ်များကို တရုတ်မယားအဖြစ် လူကုန်ကူးမှုများ ရှိခဲ့သော်လည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်တွင် တိုက်ပွဲများနှင့် အလုပ်အကိုင် ရှားပါးမှုများ၊ အထွေထွေအကျပ်အတည်းများကြောင့် မြန်မာအမျိုးသမီးငယ်များ တရုတ်နိုင်ငံသို့ လူကုန်ကူးရောင်းစားခံရမှုများ ပိုမို ကြုံတွေ့လာရကြောင်း အကူအညီပေးနေသူများထံမှ သိရသည်။
Photo – VOA
#MeKongNews
#တရုတ်နိုင်ငံ
#လူကုန်ကူး
#တရုတ်မယား
#အလုပ်အကိုင်ရှားပါးမှု
#ရွှေလီ