မင်္ဂလာဒုံခရိုင်ရဲစခန်းကကင်းပတ်ဖို့ထွက်လာတဲ့
ရဲတွေကို မြို့ပြကြွက်အဖွဲ့ တိုက်ခိုက်
ဖေဖော်ဝါရီ-၂၄၊၂၀၂၆။သတိုး/People’s Spring
ရန်ကုန်မြို့၊မင်္ဂလာဒုံမြို့နယ်မှာခရိုင်ရဲစခန်းက ကင်းပတ်ဖို့ထွက်လာတဲ့ ရဲတွေရဲ့ကားကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“သူတို့ထွက်လာတဲ့အချိန် ပထမတစ်လုံးခွဲလိုက်တာ ကားကိုထိသွားပြီး ကားပေါ်ကပြေးဆင်းပြီး စခန်းထဲပြန်ဝင်သွားပါတယ်။နောက်ပြန်ထွက်လာတော့ နောက်တစ်လုံးထပ်ခွဲလိုက်တာပါ”လို့ စစ်
ဆင်ရေးနဲ့ပတ်သက်ပြီးပြောပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက် ည ၁၀နာရီကျော်မှာ စစ်ဆင်
ရေးကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပထမ တိုက်ခိုက်မှုမှာ ကားတိုက်ရိုက်ထိခဲ့သလို ဒုတိယတိုက်ခိုက်မှုမှာတော့ ရဲသုံးဦးလောက် ထိနိုင်တယ်လို့ အထက်ပါတာဝန်ရှိသူကဆိုပါတယ်။
“အမှန်က ပြန်ပြီးတစ်ခုခုလုပ်ဖို့ထွက်လာကြတာ၊ ထပ်ခွဲခံလိုက်ရတော့ ဘာမှမလုပ်နိုင်ဘူးဖြစ်သွားတာ”လို့ မြေပြင်အခြေအနေကို အထက်ပါတာ
ဝန်ရှိသူက ပြောပါတယ်။
မြို့ပြကြွက်အဖွဲ့အနေနဲ့ ဖေဖော်ဝါရီ ၁၀ရက်ညကလည်း မှော်ဘီမြို့နယ် ရဲစခန်းကနေ အရပ်ဝတ်တွေနဲ့ထွက်လာတဲ့ ရဲနဲ့ ပျုစောထီးတွေကိုလက်
လုပ်မိုင်းတွေလက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
“ပွဲတွေများနေပေမယ့်တော်လှန်ရေးကိုလည်း အာရုံစိုက်ပေးကြပါ”လို့ မြို့ပြကြွက်အဖွဲ့က
ပြည်သူတွေကို သတင်းစကားပါးပါတယ်။
ဖေဖော်ဝါရီ ၁၅ရက်ကလည်း မင်္ဂလာဒုံမြို့မရဲ
စခန်းက ဂိတ်ကင်းမှာ အရက်မူးနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြင်းအားမြင့်မိုင်းနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
(မင်္ဂလာဒုံမြို့မရဲစခန်းကို တွေ့ရစဉ်။ ဓာတ်ပုံ – CJ)