ပြည်တွင်း စီးပွားရေးလုပ်ငန်းများအားလုံး ငွေသားအသုံးပြုမှု ဖြစ်နိုင်သမျှ လျှော့ချရန် စစ်တပ်၏ ဗဟိုဘဏ်က အတင်းအကျပ် ဖိအားပေးနေ၊ စစ်တပ်က ငွေကြေးစီးဆင်းမှု အားလုံးကို ထိန်းချုပ်ရန် ကြိုး စားနေပြီး ငွေသားကို ရာခိုင်နှုန်းပေး ထုတ်ယူရသော မှောင်ခိုစျေးကွက်ကြီးထွားလာနေ

ပြည်တွင်း စီးပွားရေးလုပ်ငန်းများအားလုံး ငွေသားအသုံးပြုမှု ဖြစ်နိုင်သမျှ လျှော့ချရန် စစ်တပ်၏ ဗဟိုဘဏ်က အတင်းအကျပ် ဖိအားပေးနေ၊ စစ်တပ်က ငွေကြေးစီးဆင်းမှု အားလုံးကို ထိန်းချုပ်ရန် ကြိုး စားနေပြီး ငွေသားကို ရာခိုင်နှုန်းပေး ထုတ်ယူရသော မှောင်ခိုစျေးကွက်ကြီးထွားလာနေ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများ၊ အရောင်းအဝယ်လုပ်ငန်းများ၊ စက်ရုံနှင့် အလုပ်ရုံများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် ငွေသားအသုံးပြုမှုကို ဖြစ်နိုင်သမျှ အနည်းဆုံးအဆင့်သို့ လျှော့ချကြရန် စစ်တပ် လက်အောက်ခံ ဗဟိုဘဏ်က အတင်းအကျပ် ဖိအားပေးနေကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရှိရသည်။
အကြမ်းဖက်စစ်တပ်၏ ဗဟိုဘဏ် ဥက္ကဋ္ဌ သန်းသန်းဆွေက ယခုဖေဖော်ဝါရီလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ဘဏ်များထံသို့ ငွေသားအသုံးပြုမှုကို မဖြစ်မနေ လျှော့ချရန်နှင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များကို အပြည့်အဝ အကောင်အထည်ဖော်ရန် တရားဝင် အသိပေး အကြောင်းကြားလာခြင်း ဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း ပုဂ္ဂလိကဘဏ်များမှ ငွေသားထုတ်ယူနိုင်မှုအပေါ် ကန့်သတ်ချက်များ ပိုမိုတင်းကျပ်လာပြီး၊ ငွေသားအစား ဒစ်ဂျစ်တယ်စနစ်ကိုသာ အသုံးပြုရန် ဖိအားပေးမှုများ ဆိုးရွားလာနေကြောင်း လုပ်ငန်းရှင်များက ရှင်းပြသည်။
ရန်ကုန်အခြေစိုက် အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက “အလုပ်သမားတွေကို လစာပေးတာကစလို့ ကုန်ကြမ်းဝယ်တာ၊ မီတာခနဲ့ အခွန်အခတွေပေးတာအဆုံး ဒစ်ဂျစ်တယ်ပေးချေမှုနဲ့ပဲ လုပ်ဖို့၊ ငွေသားနဲ့အလုပ်လုပ်တာတွေ လုံးဝလျှော့ချဖို့ ညွှန်ကြားတယ်။ စက်ရုံအလုပ်သမားတွေလစာကိုတောင် အနည်း ဆုံး တစ်ဝက်ကို ငွေသား၊ ကျန်တဲ့တစ်ဝက်ကို ဒစ်ဂျစ်တယ်နဲ့ပေးဖို့ ဗဟိုဘဏ်ဘက်က စပြောလာပြီ” ဟု လက်ရှိအခြေအနေကို ရှင်းပြသည်။
စစ်တပ်လက်အောက်ခံ ဗဟိုဘဏ်က ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန်အတွက် “ငွေသားမဲ့ငွေပေးချေမှုစနစ်” (Cashless Payment System) ကို အကောင်အထည်ဖော်နေကြောင်း၊ CBM-NET အခြေခံအဆောက်အအုံကို အဓိကထား၍ MMQR (National QR Standard) စနစ်အထိ အဆင့်ဆင့် တည်ဆောက်ခဲ့ကြောင်း ကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။
လက်ရှိတွင် ဗဟိုဘဏ်က ငွေသားမဲ့ပေးချေမှုကို အပြည့်အ၀ ကူးပြောင်းမှုအဖြစ် နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များနှင့် နည်းပညာကုမ္ပဏီများ ပူးပေါင်း၍ Cashless System သို့ ကူးပြောင်းရန် လုပ်ဆောင်နေကြောင်း သိရှိရသည်။
ငွေသားမဲ့ ပေးချေမှု ခေါ် ဒစ်ဂျစ်တယ် ပေးချေမှုကြောင့် အကျိုးကျေးဇူးများစွာရှိနေပြီး အထူးသဖြင့် ငွေကြေးစီးဆင်းမှု မြန်ဆန်စေရန်၊ ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် အသေးစား၊ အလတ်စားလုပ်ငန်း (MSMEs) များ တရားဝင်ဘဏ္ဍာရေးစနစ်အတွင်း ဝင်ရောက်လာစေရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဗဟိုဘဏ်က ဆိုသည်။
နိုင်ငံတကာတွင်လည်း အိန္ဒိယ၏ UPI စနစ်၊ ထိုင်း၏ PromptPay နှင့် စင်ကာပူ၏ Regulatory Sandbox မူဝါဒများကို လေ့လာ၍ အတုယူ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၊ လက်ရှိ စစ်တပ် ဗဟိုဘဏ်က လုပ်ဆောင်နေသော MMQR ၏ အောင်မြင်မှုစံချိန်အဖြစ် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီအထိ တစ်နှစ်အတွင်း MMQR အသုံးပြုမှုသည် ငွေပမာဏ ကျပ် ၁၂ ဒသမ ၇ ထရီလီယံကျော် ရှိခဲ့ပြီး အသုံးပြုသူ လူဦးရေ ၂၄ သန်းကျော် ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယင်းအပြင် စစ်တပ်လက်အောက်ခံ ဗဟိုဘဏ်က QR စနစ်နှင့် Mobile Wallet များမှ ရရှိလာသော ဒေတာမှတ်တမ်း (Digital Data Footprint) များကို အသုံးပြု၍ အပေါင်ပစ္စည်း (Collateral) မလိုဘဲ ချေးငွေပေးနိုင်မည့် Digital Credit Scoring စနစ်ကို ဦးတည်နေကြောင်း သိရှိရသည်။
စစ်တပ်က ငွေသားမဲ့ပေးချေမှုကို စနစ်ကို အကောင်အထည်ဖော်နေခြင်းမှာ ငွေကြေးစီးဆင်းမှုအားလုံး ကို အနီးကပ် စောင့်ကြည့်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေခြငးသာ ဖြစ်ကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းက သုံးသပ်သည်။
စစ်ကောင်စီသည် ငွေသားမဲ့စနစ်ကို အတင်းအကျပ် တွန်းအားပေးနေသော်လည်း ပြည်တွင်း၌ လျှပ်စစ်မီး မမှန်ခြင်း၊ အင်တာနက်လိုင်းများ မကြာခဏ ပြတ်တောက်ခြင်းနှင့် ဘဏ်စနစ်အပေါ် ယုံကြည်မှု ပျက်ပြားနေခြင်းတို့ကြောင့် လုပ်ငန်းရှင်များနှင့် အခြေခံပြည်သူများအကြား အခက်အခဲများစွာ ကြုံတွေ့နေရသည်။
အထူးသဖြင့် ဘဏ်များတွင် ငွေသားထုတ်ယူရန် ခက်ခဲနေသည့် ပြဿနာကို ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးစားခြင်းသည် လက်တွေ့မကျဘဲ၊ ငွေသားလိုအပ်ချက်ကြောင့် မှောင်ခိုဈေးကွက်တွင် ရာခိုင်နှုန်းပေး၍ ငွေထုတ် ယူနေရသည့် စနစ်ဆိုးမှာ ပြန်လည် ကြီးထွား အသက်ဝင်လျက်ရှိကြောင်း သိရှိရသည်။
စစ်တပ်ဗဟိုဘဏ်ကမူ ပြည်သူများအနေဖြင့် ဒစ်ဂျစ်တယ်ငွေသားပေးချေမှုစနစ် ကို တိုးချဲ့အသုံးပြုခြင်းဖြင့် မိမိတို့၏ လူမှုစီးပွားဘဝ တိုးတက်လာမည်ဖြစ်ကြောင်း တစ်ဖက်သတ် ဆော်ဩလျက်ရှိသည်။
ဓာတ်ပုံ- စစ်တပ်လက်အောက်ခံ ဗဟိုဘဏ် ဥက္ကဋ္ဌ သန်းသန်းဆွေ။