ပျော်ဘွယ် သိမ်ကျောင်းအတွင်း မဖွယ်မရာပြုသူတို့ကို အမှုဖွင့်

ပျော်ဘွယ် သိမ်ကျောင်းအတွင်း မဖွယ်မရာပြုသူတို့ကို အမှုဖွင့်
ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၂၆
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ကျူတောဝကျေးရွာအုပ်စု အင်ကြင်းကုန်းရွာရှိ သိမ်ကျောင်းအတွင်း မဖွယ်မရာပြုလုပ်ခဲ့ သူများအား အရေးယူမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဖြေကြားထားကြောင်း စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်များ၌ ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၁၉ ရက်တွင် အဆိုပါသိမ်ကျောင်းအတွင်း စုံတွဲတတွဲ၏ မဖွယ်မရာပြုလုပ်ခဲ့သည့် ဗီဒီယိုဖိုင်မှာ လူမှုကွန်ရက်စာ မျက်နှာပေါ် ပျံ့နှံ့ခဲ့သည်။
ယင်းဖြစ်စဥ်နှင့် ပတ်သက်ပြီး ဘုရားကျောင်းဝင်း၊ သိမ်တော်မှန်းသိလျက်နှင့် ကိုးကွယ်ဝတ်ပြုသော သိမ်ကျောင်းဆောင်အတွင်း ဝင်ရောက်၍ မဖွယ်မရာ ပြုလုပ်ခဲ့သူများဖြစ်သည့် အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးတို့အား ဥပဒေအရ အရေးယူပေးရန် ကျေးရွာတာဝန်ရှိသူများက တိုင်ကြားခဲ့ရာ ဖေဖော်ဝါရီ ၂၀ ရက်တွင် ပျော်ဘွယ်မြို့မရဲစခန်း၌ အမှုဖွင့်အရေးယူခဲ့သည်ဟု ဖော်ပြထားသည်။
ထိုသို့ အမှုဖွင့်အရေးယူမှုနှင့် ပတ်သက်၍ မေးမြန်းရန် ပျော်ဘွယ်မြို့မရဲစခန်းကို ဧရာဝတီသတင်းဌာနက ဆက်သွယ်ခဲ့သော် လည်း လက်ရှိအချိန်ထိ လက်ခံဖြေကြားခြင်း မရှိသေးပေ။
အဆိုပါဖြစ်စဥ်နှင့် ပတ်သက်၍ မလုပ်သင့်မလုပ်အပ်သည်မှာ မှန်သော်လည်း ကာယကံရှင် မျက်နှာဖော်ပြီး ဗီဒီယိုရိုက်ကာ အွန်လိုင်းပေါ်တင်ခြင်းကလည်း မလုပ်သင့်ကြောင်း ဝေဖန်ထောက်ပြမှုများ ရှိနေသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup