အပေါင်ပစ္စည်းမဲ့ငွေချေးစနစ် အကောင်အထည်ဖော်မည်ဟု စစ်ကောင်စီ ဗဟိုဘဏ် ပြော
DVB
အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း (MSMEs) တွေအနေနဲ့ အပေါင်ပစ္စည်း မလိုဘဲ ငွေချေးနိုင်မဲ့စနစ်ကို အကောင်အထည်ဖော်သွားမယ်လို့ စစ်ကောင်စီ ဩဇာခံ ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။
လက်ရှိအကောင်အထည်ဖော်နေတဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်တွေဟာ ငွေပေးချေမှု လွယ်ကူစေရုံသာမက လုပ်ငန်းရှင်တွေအတွက် ဒစ်ဂျစ်တယ်မှတ်တမ်းတွေကို ဖြစ်ပေါ်စေမှာဖြစ်ပြီး အဲဒီမှတ်တမ်းတွေကို ခရက်ဒစ်မှတ်တမ်း သတ်မှတ်ပြီး အနာဂတ်မှာ အပေါင်ပစ္စည်းမလိုဘဲ ချေးငွေရယူနိုင်တဲ့ စနစ်တည်ဆောက်ဖို့ ရည်ရွယ်ထားတယ်လို့ ဗဟိုဘဏ်က ဆိုပါတယ်။
ဗဟိုဘဏ်ဟာ အမျိုးသားငွေပေးချေမှုစံနှုန်းဖြစ်တဲ့ MMQR စနစ်ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စတင်ခဲ့ပြီး ၁ နှစ်တာအတွင်း ငွေပေးချေမှုအကြိမ်ရေ သန်း ၃၀ ကျော်နဲ့ ငွေပမာဏ ၁၂ ဒသမ၇ ထရီလီယံကျပ်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို MMQR နဲ့ Mobile Wallet တွေက ငွေကြေးစီးဆင်းမှု အချက်အလက်တွေကို အပေါင်ပစ္စည်းနေရာမှာ အစားထိုးအသုံးပြီး ဘဏ်ဝန်ဆောင်မှုနဲ့ ဝေးကွာနေတဲ့ MSME လုပ်ငန်းရှင်တွေကို တရားဝင်ဘဏ္ဍာရေးကဏ္ဍအတွင်း ဝင်ရောက်လာအောင် အကူအညီ ဖြစ်စေမှာလို့ ဆိုပါတယ်။
လက်ရှိမှာ ငွေစက္ကူအသုံးပြုမှုထက် ဒစ်ဂျစ်တယ် ငွေပေးချေမှုကို အသုံးပြုတဲ့ ငွေသားမဲ့ လူ့အဖွဲ့အစည်း ပေါ်ပေါက်လာအောင် ကြိုးစားနေလို့ ဗဟိုဘဏ်က ဆိုထားပေမဲ့ တဖက်မှာတော့ ငွေလွှဲတာ၊ ငွေထုတ်တာတွေကို ကန့်သတ်နေတာကြောင့် အများပြည်သူရော လုပ်ငန်းရှင်တွေပါ အခက်တွေ့နေတာပါ။
ဒါ့အပြင် ဒစ်ဂျစ်တယ်နည်းနဲ့ ငွေလွှဲတာကို အခြေခံပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပေဒ၊ ငွေကြေးခဝါချမှုဥပဒေနဲ့ ဘဏ်အကောင့်တွေ၊ KPay လိုမျိုး mobile wallet တွေကို မထင်ရင် မထင်သလို ပိတ်ပင်နေပါတယ်။
#DVB #အပေါင်ပစ္စည်းမဲ့ငွေချေးစနစ် #စစ်ကောင်စီ #ဗဟိုဘဏ်