နွားထိုးကြီးမှာ NUG ရဲ့ မြေအောက်ဆေးရုံကို စစ်အုပ်စု မိုင်းခွဲဖျက်ဆီးပြီး အောင်ပွဲခံ၊
စစ်အုပ်စုက ဆေးရုံဆေးခန်းနဲ့ စာသင်ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးနေ၊
MN/MFP ၊ ဖေဖော်ဝါရီ – ၂၁







မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ထဲရှိ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ဦးဆောင်တည်ဆောက်ကာ လည်ပတ်နေတဲ့ မြေအောက်ဆေးရုံတစ်ရုံကို အာဏာသိမ်း စစ်အုပ်စုက ဖေဖော်ဝါရီ ၁၉ ရက်မှာ စီးနင်းပြီး မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
နွားထိုးကြီးမြို့နယ် မြောက်ခြမ်း၊ မြင်းခြံနယ်အစပ်၊ ပဲခင်းကြီးရွာအနီး တည်ဆောက်ထားတဲ့ NUG ရဲ့ မြေအောက် ဆေးရုံကို စစ်အုပ်စုက ရှာဖွေတွေ့ရှိပြီးနောက် အင်အားသုံး စီးနင်းကာ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးတာလို့ ဆိုပါတယ်။
“(လူ)အထိအခိုက် မရှိဘူး။ ဒီဘက်ကနေ ဆုတ်ပေးထားလို့ ဝင်ပြီးတော့ ဖျက်ဆီးသွားတာ။ စစ်ကြောင်းတွေက အခုထိ အဲဒီဘက်မှာ ထိုးနေတုန်းပဲ။ စစ်ကြောင်းတွေ ဝင်လာတော့ ဆုတ်ပေးထားရတာပေါ့” လို့ ဖြစ်စဉ်ကို သိတဲ့ ဒေသခံ သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
အဲ့ဒီ မြေအောက်ဆေးရုံကို ၂၀၂၅ ခုနှစ်အတွင်း တည်ဆောက်ခဲ့တာ ဖြစ်ပြီး အသုံးပြု လည်ပတ်နေတာ မကြာသေးဘူးလို့လည်း ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
“ပြီးခဲ့တဲ့နှစ်ကမှ ဆေးရုံက ဆောက်တာ။ ဆေးကုသတာတွေလည်း လုပ်ပေးနေပြီ။ အရင်က အဲဒီနေရာကနေ ထွက်ပြေးသွားတဲ့သူတွေ ရှိခဲ့ဖူးတော့ သတင်းပေါက်တာ ဖြစ်နိုင်တယ်”
အဲ့ဒီ နွားထိုးကြီးမြို့နယ်ထဲရှိ မြေအောက်ဆေးရုံကို ကျပ်သိန်း ၁၀၀၀ ကျော် အကုန်အကျခံ တည်ဆောက်ထားတာ ဖြစ်ပြီး ခုတင် ၁၀၀ ဆံ့ ဆေးရုံ ဖြစ်တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တာဝန်ရှိသူက သတင်းမီဒီယာတချို့ကို ဖြေဆိုထားတာ တွေ့ရပြီး MFP အနေနဲ့ နွားထိုးကြီးမြို့နယ် NUG တာဝန်ရှိသူတွေကို ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
မန္တလေးမြို့၊ နန်းမြို့တွင်းမှာ အခြေပြုတဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် – လပခ လက်အောက်ခံ စစ်အုပ်စုဟာ လွန်ခဲ့တဲ့ နှစ်လကျော်၊ ၂၀၂၅ နှစ်ကုန်ပိုင်းကတည်းက နွားထိုးကြီးမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။
အဲ့ဒီ လပခ လက်အောက်ခံ စစ်အုပ်စုဟာ ပဲခင်းကြီးရွာအနီးရှိ မြေအောက်ဆေးရုံကို စီးနင်းနိုင်ပြီးနောက် ဆေးရုံကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
မြေအောက်ဆေးရုံကို အပိုင်းလိုက်ခွဲကာ မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခဲ့တာနဲ့ ပတ်သက်ပြီး စစ်အုပ်စုက ရုပ်သံဖိုင် ထုတ်ပြန်ကာ မြေအောက်ဆေးရုံကို ဖျက်ဆီးနိုင်ခဲ့ကြောင်း အောင်ပွဲခံ သတင်းဖြန့်ပါတယ်။
စစ်အုပ်စုဟာ နိုင်ငံတဝန်းရှိ အရပ်သားပြည်သူကို နေ့စဉ် ဗုံးကြဲ၊ သတ်ဖြတ်နေသလို ဆေးရုံဆေးခန်းနဲ့ စာသင်ကျောင်းတွေကိုလည်း ပစ်မှတ်ထား ဗုံးပတ်ကြဲ၊ ဖျက်ဆီးနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ တစ်နှစ်တာအတွင်း စစ်အုပ်စုက နိုင်ငံတဝန်း လေကြောင်း ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သားပြည်သူ ၂၃၂၀ ကျော် သေဆုံးကာ ၄၁၄၀ ကျော် ဒဏ်ရာရပြီး နေအိမ် ၃၅၇၀ ကျော်၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၀ ကျော်၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံ ၃၀ ကျော်နဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၉၀ ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG က ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းကာလ ငါးနှစ်အတွင်း စစ်အုပ်စုက နိုင်ငံတဝန်းရှိ အရပ်သားပြည်သူကို ပစ်မှတ်ထားကာ လေကြောင်း တိုက်ခိုက်မှု ၄,၇၅၀ ကြိမ် ကျူးလွန်ခဲ့ပြီး အပြစ်မဲ့ အရပ်သားပြည်သူ ၅,၁၈၈ဦး သေဆုံးကာ ဆေးရုံ၊ ကျောင်းနဲ့ ဘာသာရေး အဆောက်အအုံ (လူနေအိမ် မပါဝင်) ၁,၂၇၂ ခု ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ NUG က ဆိုပါတယ်။
စစ်အုပ်စုရဲ့ ဗုံးကြဲ၊ လက်နက်ကြီး ထု၊ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေအတွင်း ဒဏ်ရာရတဲ့ ပြည်သူတွေဟာ လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရဘဲ ဖြစ်နေပါတယ်။
စိုးမိုးနယ်မြေအတွင်းရှိ ပြည်သူတွေကို ဆေးဝါးကုသပေးနိုင်ရေး မြေအောက်ဆေးရုံတွေ တည်ဆောက်နေတယ်လို့ NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာ အတွင်းက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
နွားထိုးကြီးမြို့နယ် မြောက်ခြမ်းကို နှစ်လကျော်ကြာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုဟာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ လုယက်တာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေလည်း ကျူးလွန်နေပြီး စစ်အုပ်စု ရန်ကြောင့် ကျေးရွာ ၅၀ နီးပါးက သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေရတာ နှစ်လကျော်ကြာ ရှီလာပြီး စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
နွားထိုးကြီးနယ်ရှိ NUG ရဲ့ မြေအောက်ဆေးရုံကို အပိုင်းလိုက်ခွဲကာ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း အာဏာသိမ်း စစ်အုပ်စုက အောင်ပွဲခံ သတင်းဖြန့်စဉ်/Photo – စစ်အုပ်စု